ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

သက်အမျိုးသားနေ့ ပထမဆုံးအကြိမ်အဖြစ် နယ်စပ်မြို့ မောင်တောတွင် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

သျှင်မင်းဇံ

နိရဉ္ဇရာ၊ ဧပြီ ၂၀/၂၀၂၂

 

ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ရှိတော့သည့် သက်လူမျိုးတို့၏ အမျိုးသားနေ့ကို  အနောက်ဘက်နယ်စပ် ောင်တောမြို့နယ်တွင် လာမည့် မေလ ၁ ရက်နေ့၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သက်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ နယက ဦးလှထွန်းကျော်က နိရဉ္ဇရာကို ပြောသည်။

 

" ပထမဆုံးအကြိမ်လို့ ပြောရတာက အရင်နှစ်တွေက လုပ်တော့ လုပ်လာခဲ့ပါတယ်။ ဒီလိုမျိုး အများပြည်သူသိအောင် တခမ်းတနားအနေနဲ့ ကျင်းပတာက ပထမဆုံးအကြိမ်ပေါ့။ ဒီနှစ်က ပြည်နယ်အစိုးရကလည်း ကူညီပေးတယ်။ သက်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကလည်း တရားဝင် ဖြစ်လာတယ်။ အဲအဖွဲ့နဲ့ အစိုးရနဲ့ ပူပေါင်းပြီး ဖိတ်သင့်ဖိတ်ထိုက်တဲ့ သူတွေကို ဖိတ်ပြီးလုပ်တာ ပထမဆုံးအကြိမ်ပေါ့" ဟု ပြောသည်။

အဆိုပါ ရခိုင်မျိုးနွယ်စုဝင် သက်အမျိုးသားနေ့ကို  မောင်တောမြို့နယ် လေးမိုင်ရပ်ကွက် မကျည်းကုန်းကျေးရွာတွင် ပြုလုပ်မည်ဖြစ်ရာ နိုင်ငံခြားသို့ ရောက်ရှိနေသည့် သက်လူမျိုးများ၊ မျိုးနွယ်စု ဝင်များနှင့် သက်ဆိုင်ရာဌာနများအားလည်း ဖိတ်ကြားထားကြောင်း ပြောသည်။

 

သက်အမျိုးနေ့ ကျင်းပရေးကော်မတီမှ နယက ဦးလှထွန်းကျော်က "သက်လူမျိုးတွေရဲ့ ဘိုးဘွား အစဥ်အလာအရ တောင်ယာလုပ်ငန်းတွေကို လုပ်ကိုင်စားသောက်လာပြီး မေလဟာ အလုပ်တွေ ပါးတဲ့အချိန် အားလပ်တဲ့ ရက်ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ထားဖြစ်တယ် ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့  မျိုးသားရေး လက္ခဏာတွေ မပျောက်ပျက်ဖို့နဲ့ ဝေးတွေမှာ ရောက်ရှိနေကြတဲ့ သားသမီးဆွေမျိုးတွေ တစ်ယောက်နဲ့ တစ်ယောက်  ချစ်ခင်ရင်းနှီးမှုရှိစေဖို့၊ သက်လူမျိုးရဲ့ ဘာသာစကားနဲ့ စာပေတွေတည်တံ့ခိုင်မြဲလာစေဖို့နဲ့ ကိုယ့်လူမျိုးချစ်ခင်စိတ်တွေနဲ့ လူမျိုး တည်တံ့အောင် နှိုးဆော်တိုက်တွန်းနိုင်ဖို့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်" ဟု ရှင်းပြ ပြောဆိုသည်။

 

အမျိုးသားနေ့ အခမ်းအနားတွင် လူထုဟောပြောပွဲများ၊ ရိုးရာအကပြိုင်ပွဲများ၊ အခြား အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ဖြစ်ကြောင်း၊ မေလ ၁ ရက်နေ့တွင် ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ သက်လူမျိုး ရိုးရာ အသုံးအဆောင်များ၊ ရိုးရာဝတ်စားဆင်ယင်ပုံများအား ပြသရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

 

သက်အမျိုးသားနေ့မှ တဆင့် သက်လူမျိုးများ ကမ္ဘာပေါ်မှာ  ရှိနေသေးကြောင့် ပြသခြင်းရသည့် အတွက် ဝမ်းသာမိကြောင်း မြောက်ဦးမြို့နယ် အောင်သီရီကျေးရွာမှ သက်အမျိုးသမီး မခိုင်ကျော့ရီက ပြောသည်။

 

"ပထမဆုံး ပြောချင်တာက ကိုယ်လူမျိုးတွေ ဒီကမ္ဘာပေါ်မှာ ရှိနေသေးတယ်ဆိုတာကို ပြခွင့်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ နောက်နှစ်တွေမှာ အခုလိုမျိုး ပြခွင့်ရဖို့အတွက်လည်း သက်လူငယ်တွေ အနေနဲ့ ကြိုးစားနေကြပါတယ်။ သက်လူငယ်တစ်ယောက်အနေနဲ့လည်း တတ်နိုင်သလောက် အဖက်ဖက်က ဆက်ပြီး ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်" ဟု ပြောသည်။

 

ရခိုင်မျိုးနွယ်စုထဲတွင် ရခိုင်အပါအဝင် မြို၊ ခမီ၊သက်၊ မရမာ၊ သက္ကမ(ခ) ဒိုင်းနက်နှင့် ကမန် စသည့်မျိုးနွယ်စုများရှိရာ သက်လူမျိုးသည် လူဦးရေအနည်းဆုံးဖြင့်  ကျန်ရှိနေသည့် ရခိုင်မျိုးနွယ်စု တစ်ခုဖြစ်သည်။

 

သက်လူမျိုးများသည် တောင်ယာနှင့် လယ်လုပ်ငန်းများကို အများဆုံး လုပ်ကိုင်လျက်ရှိပြီး ရခိုင်ပြည်နယ် တွင် လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ရှိတော့ပြီး မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်ကာ ဒုတိယအမျာဆုံးအဖြစ် မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊စစ်တွေနှင့် အမ်မြို့နယ် စသည့် မြို့နယ်များတွင် အသီးသီး ပျံ့နှံ့ နေထိုင်လျက်ရှိသည်။

 

မြန်မာနိုင်ငံသို့ ပထမဆုံး အခြေချ နေထိုင်လာသည့် ပျူ၊ ကမ်းယံ၊ သက် အထဲတွင် ပါဝင်သည့် သက်လူမျိုးများသည် ြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ ၆၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း နေထိုင်ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ