သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြိုနယ်မှ ခမီလူငယ်တစ်ဦး ပထမဆုံးအကြိမ် ဆေးကျောင်းတက်ခွင့်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နိရ ဉ္စရာ၊ မေ ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတသင်တန်းကျောင်းမှ ခမီလူငယ်တစ်ဦးသည် ခမီလူမျိုးများအနက် ပထမဆုံးအကြိမ်အဖြစ် ဆေးတက္ကသိုလ်တက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်မှာ ဘူးသီးတောင်မြို့နယ် ရေဆူကျေးရွာဇာတိ မောင်ကျော်သန်းလင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ဘူးသီးတောင် အထက (၁)ကျောင်းမှ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒစသည့် ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင်ခဲ့သူဖြစ်ကြောင်း သိရသည်။
မောင်ကျော်သန်းလင်းသည် အမှတ်စုစုပေါင်း ၄၈၅ မှတ်ဖြင့် ရန်ကုန် ဆေးတက္ကသိုလ်အမှတ် (၂)တွင် တက်ခွင့်ရရှိကြောင်း သိရသည်။
ယခုကဲ့သို့ ခမီလူငယ်အမျိုးသားတစ်ဦးအနေဖြင့် ဆေးကျောင်းတက်ခွင့်ရရှိသဖြင့် ခမီတစ်မျိုးသားလုံးကိုယ်စား ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ဂန္ဓာရီပရဟိတသင်တန်းကျောင်းမှ ခမီလူမျိုး ဂေဟာမှူးဦးသိန်းမောင်က နိရ ဉ္စရာသို့ပြောသည်။
"ဒီလိုဆေးကျောင်းတွေကို တက်ရောက်ခွင့်ရဖို့အတွက် အမှတ်ရနိုင်အောင်ကြိုးစားဖို့လည်း မလွယ်ကူဘူး။ သူရဲ့ကြိုးစားမှုကြောင့် ဒီလိုဆေးကျောင်းတက်ခွင့်ရတာကိုလည်း ကျနော်တို့က အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ခမီလူမျိုးထဲမှာ ဒီလိုဆေးကျောင်းတက်ဖူးတာ တစ်ယောက်မှ မရှိသေးပါ။ ပထမအနေနဲ့ နောင်အနာဂတ်မှာ လူငယ်လေးတွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်တဲ့အတွက်လည်း ဝမ်းသာမဆုံးပါဘူး" ဟုပြောသည်။
၎င်းလူငယ်သည် ဂန္ဓာရီပရဟိတသင်တန်းကျောင်းတွင် အဋ္ဌမတန်းမှစကာ ပညာသင်ယူဆည်းပူးခဲ့သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းခမီလူငယ်နှင့် မိဘတို့အား အစိုးရတာဝန်ရှိသူတို့ကတွေ့လိုသည်ဟုဆို၍ ယနေ့ မေလ ၂၅ ရက် နေ့လယ်ပိုင်းက နေပြည်တော်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ဂန္ဓာရီပရဟိတသင်တန်းကျောင်းကို ဘူးသီးတောင်မြို့ (၆)ရပ်ကွက်တွင် ၁၉၉၁ ခုနှစ်မှစတင်ကာ ဆင်းရဲနွမ်းပါးသည့်ကျောင်းသူ၊ ကျောင်းသားများအတွက်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပဥ္စမတန်းမှ ဒသမတန်းအထိ ကျောင်းသား ၂ဝဝ ကျော်ရှိကြောင်း သိရသည်။ (NN-8)
ဓာတ်ပုံ- အသျှင်အာဒိစ္စ

ဆက်စပ် သတင်းများ