ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

သံတွဲမြို့နယ်တွင် ဝါသနာရှင်တစ်ဦးမှ လေပေါ်တွင်ပျံဝဲနိုင်သည့်လေယာဉ်ငယ်များနှင့် ရေပေါ်ခုတ်မောင်းနိုင်သည့်သင်္ဘောငယ်များကို ဖန်တီးထုတ်လုပ်ရောင်းချနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 6k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကွင်းဝိုက်ကျေးရွာမှ အသက် ၃ဝ အရွယ် ဦးကိုကိုရဲထွဋ်မှ သူ၏ဝါသနာအရ အချိန်အတန်ကြာ လေထဲဝဲပျံနိုင်သည့် လေယာဉ်ငယ် အသေးစားများနှင့် ရေပေါ် ခုတ်မောင်း နိုင်သည့် သင်္ဘောများကို ဖန်တီးကာ လာရောက်ဝယ်ယူသူများအား ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဦးကိုကိုရဲထွဋ်သည် Remote control ဖြင့် မောင်းနိုင်သည့် အလျား ၁ဝ လက်မ မှ ၈ ပေအထိ ရှည်လျားသော သင်္ဘောအသေးစားများ၊ ၄ ပေမှ ၆ ပေအထိ ရှည်လျားသော ခရီးသည်တင် လေယာဉ်ပုံစံ၊ တိုက်လေယာဉ်ပုံစံ လေယာဉ်ငယ်များ၊ လူစီးကိုယ်ပိုင်လေယာဉ်ငယ် ပုံစံ စသည့် လေယာဉ်အသေးစားများနှင့် ရေပြင်ပေါ်တွင် မိနစ်အနည်းငယ်ကြာ ခုတ်မောင်သွားပြီးမှ လေပေါ်သို့ ပျံတက်သည့် လေယာဉ်ငယ်များအား ဖန်တီး ပြုလုပ်ကာ ရောင်းချလျက်ရှိကြောင်း ၄င်းက ပြောသည်။

“ လေယာဉ်တွေက ပျံနိုင်တဲ့ အမြင့်ပေက အတိကျ ပြောမရဘူး။ လေယာဉ်ဒီဇိုင်း၊ လေတိုက်နှုန်းတွေအပေါ်မှာ မူတည်တယ်။ အဲဒါတွေကို လက်နှိပ်ကိရိယာ ရီမုတ်နဲ့ အသုံးပြုရတာပါ။ ဒါပေမယ့် လူတက်စီးလို့တော့ အဆင်မပြေဘူး။ အဲဒါတွေကို လေယာဉ်ကွင်းနဲ့ နီးတဲ့နေရာတွေမှာ မမောင်းရဘူး။ လူအရမ်းများတဲ့ နေရာတွေမှာ ဥပဒေအရ မမောင်းရဘူး။ အပျော်တမ်းအနေနဲ့ပဲ သုံးဖို့အတွက်ပါ။ တချို့က အမှတ်တရအဖြစ် သိမ်းထားကြဖို့အတွက်လည်း ပါတယ်ပေါ့ ” ဟု ဦးကိုကိုရဲထွဋ်က နိရဥ္စရာသို့ ပြောသည်။

၄င်း သင်္ဘောနှင့် လေယာဉ်အသေးစားများ ပြုလုပ်ဖန်တီးရန် အွန်လိုင်းမှတစ်ဆင့် ကုန်ကြမ်းပစ္စည်းများကို မှာယူရခြင်းဖြစ်ပြီး ပြုလုပ်ပြီးဖြစ်သော ၎င်းအသေးစားယာဉ်ငယ်များအား မြစ်ကြီးနား၊ ဘားအံ၊ မြဝတီ၊ တနင်္သာရီ၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာတို့မှ အော်ဒါမှာယူသူများထံ ပို့ပေးရကြောင်းလည်း သူက ဆက်ပြောသည်။

ဦးကိုကိုရဲထွဋ်မှာ စတုတ္ထတန်းအရွယ်မှစပြီး အဆိုပါ ယာဉ်များ ဖန်တီးရခြင်းကို ဝါသနာပါခဲ့ကာ ၂ဝ၁၆ ခုနှစ်မှစပြီး သူ၏ ဝါသနာအား အကောင်ထည်စဖော်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောသည်။

“ငယ်ငယ်ကတည်းက အရမ်းဝါသနာပါခဲ့တာပါ။ ကျွန်တော် လေးတန်းတုန်းကဆိုရင် ကျောင်းနေသူငယ်ချင်းနဲ့ ဖိနပ်တွေမှာ မော်တာတွေ တပ်ပြီး ရေမှာ မျောခဲ့ဖူးတယ်။ သင်္ဘောလုပ်ရတာက ခက်တယ်။ လေယာဉ်က သိပ်မခက်ဘူး။ သင်္ဘောတွေဆိုရင် သုံးသိန်း၊ လေးသိန်း၊ နှစ်သိန်းခွဲ အဲဒီလို အချို့ချို့ ရောင်းပါတယ်။ ကာဗာအပေါ် မူတည်တာပေါ့။” ဟု ၄င်းက ဆက်ပြောသည်။

ဦးကိုကိုရဲထွဋ်သည် အသက် ၃ဝ အရွယ်ခန့်ရှိပြီး လက်ရှိတွင် ယင်း ယာဉ်များပြုလုပ်ကာ ရောင်းချခြင်းဖြင့် သူ့မိသားစု၏ စားဝတ်နေရေးအတွက် ကြိုးပမ်းနေရသူဖြစ်ကြောင်းလည်း သိရသည်။


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!