ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မောင်တောမြို့နယ်ရေကန်တစ်ခု၏ရွံ့နွံထဲတွင်နစ်နေသည့် တောဆင်ရိုင်း ၄ ကောင်ကို ဒေသခံများပြန်လည်ကယ်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 6.4k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ၄/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာအနီးရှိ ရေကန်တစ်ခုအတွင်း ရွံ့နွံနစ်နေသည့် တောဆင်ရိုင်း ၄ ကောင်အား ဒေသခံပြည်သူများက  ြန်လည်ကယ်တင်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။

 

ဖြစ်စဉ်မှာ ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက် ၅ နာရီခန့်က မေယုတောင်ကြောအတိုင်း ဆင်းလာသည့် တောဆင်ရိုင်း ၇ ကောင်မှာ အောင်ဇေယျကျေးရွာအနီးရှိ ရေကန်သို့ ရေသောက်ရန် ဆင်းလာခဲ့ပြီးနောက် ယင်း ၇ ကောင်ထဲမှ ၄ ကောင်မှာ ကန်ထဲသို့ ရေဆင်းသောက်စဉ် ရေကန်၏ ရွံ့နွဲထဲ နစ်နေပြီး ကုန်းပေါ်သို့ ပြန်မတက်နိုင်ဘဲ ဖြစ်နေခဲ့ကြောင်း အောင်ဇေယျကျေးရွာစီမံအုပ် ချုပ်ရေးမှူးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်သော်ထက်က ပြောသည်။

 

ဆင်တွေက ရေလာသောက်ကြတာပါ။ အဲဒီကန်က ရွာသားတွေ သုံးနေတဲ့ရေကန်ပေါ့။ အဲဒီမှာ ဆင်တွေက နွံနစ်သွားတာ။ အခုတော့ ကယ်တင်လိုက်ကြပါပြီ။ ဆင်တွေ အဲလိုမျိုးနစ်နေတာကိုသိတော့ သစ်တောဦးစီးဌာနတို့၊ နယ်ခြားစောင့်တို့နဲ့ ကျွန်တော်တို့ရွာသားတွေ ပူးပေါင်းပြီး ကယ်လိုက်ကြပါတယ်။ ဟု ပြောသည်။

 

၄င်း တောဆင်ရိုင်း ၄ ကောင်အား ယနေ့မွန်းတည့် ၁၂ နာရီခန့်က ရွာသားများက သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်ကာ နွံထဲမှ ကယ်တင်လိုက်နိုင်ကြောင်း သူက ပြောသည်။

 

ယင်း ဆင် ၄ ကောင်တွင် အဖို ၃ ကောင်နှင့် အမ ၁ ကောင်ဖြစ်ပြီး ၄င်းတို့မှာ အကြီးနှစ်ကောင်နှင့် အငယ်နှစ်ကောင်ဖြစ်ကြောင်း၊ အဆိုပါ ရေကန်မှာ အောင်ဇေယျရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာ၌ ရှိကြောင်း ဦးအောင်သော်ထက်က ဆက်ပြောသည်။

 

လက်ရှိတွင် ထိုတောဆင်ရိုင်း ၄ ကောင်မှာ မေယုတောင်ကြောသို့ ပြန်တက်သွားကြပြီဖြစ်ကြောင်း မောင်တောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးမြင့်ဇော်က ပြောသည်။

 

အဲဒီကန်က ၁၂ ပေမြင့်ပါတယ်။ ရိုးရိုးရေကန်နဲ့လည်းမတူဘူး။ ကန်က နည်းနည်း မတ်စောက်ပါတယ်။ အဲဒီတော့ နစ်နေတာကို ပြန်တင်ဖို့ ရေမြောင်းတူးပေးပြီး သူတို့ တက်နိုင်အောင် မြေကို တူးပြီး လုပ်လိုက်တော့ အဲလိုမျိုး တက်သွားကြပါတယ်။ သူတို့က ခုနှစ်ကောင် တစ်အုပ်စုလာကြတာ။ အဲဒီအထဲက လေးကောင် နစ်သွားတာ။ ကျန်တဲ့သုံးကောင်က အပေါ်မှာ ကျန်ခဲ့တာပေါ့။ အခုတော့ တောထဲကိုပြန်တက်သွားကြပါပြီ ဟု ပြောသည်။

 

နှစ်စဉ် သရက်သီး သီးချိန်နှင့် စပါးသီးချိန်တို့တွင် အောင်ဇေယျကျေးရွာအနီးသို့ တောဆင်ရိုင်းများ မကြာခဏရောက်လေ့ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

 

ဆက်စပ် သတင်းများ