ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လိပ်နှင့်လိပ်ဥရောင်းချသူများထောင်၇နှစ်အထိအပြစ်ပေးနိုင်သော ဥပဒေများဖြင့် အရေးယူခံရနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k

သန္တာကျော်ဇော

နိရဥ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၁

ဥပဒေအရကာကွယ်ထားသည့် လိပ်နှင့် လိပ်ဥများကို စျေးကွက်အတွင်းရောင်းချပါက ထောင် ၇ နှစ်အထိ ပြစ်ဒဏ်များဖြင့် အရေးယူခံရနိုင်သည်ဟု မြန်မာနိုင်ငံလိပ်မျိုးစိပ်ရှင်သန်ရေးအဖွဲ့မှ သိရသည်။

တောရိုင်းတိရစ္ဆာန်များထဲတွင် ရှားပါးမျိုးစိတ်များ၏အဆင့်အတန်းကို မူတည်၍ အပြည့်အဝနှင့် သာမန်ကာကွယ်ထားသည့် ဥပဒေများရှိပြီး ထိုတိရစ္ဆာန်များကို ဖမ်းဆီးနှိပ်စက်ရောင်းချပါက တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေ (၁၉၉၄)ခုနှစ် ဥပဒေပုဒ်မ ၃၇ (က)အရ ထောင်ဒဏ် ၇ နှစ်အထိဖြစ်စေ ငွေဒဏ်ကျပ် ၅ သိန်း အထိဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း မြန်မာနိုင်ငံလိပ်မျိုးစိပ်ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာက နိရဥ္စရာကိုပြောသည်။

ဒေါ်ကလျာက တောင်လိပ်၊ ရေချိုလိပ်နဲ့ ပင်လယ်လိပ်တွေ အကုန်လုံးက မြန်မာနိုင်ငံရဲ့သစ်တောဥပဒေအရရော၊ ငါးလုပ်ငန်းဥပဒေအရရော အပြည့်အဝကာကွယ်ပေးထားတဲ့ မျိုးစိပ်တွေဖြစ်တယ်။ ဒီလိပ်တွေဟာ မျိုးတုန်းဖို့နီးစပ်နေတဲ့ အဆင့်ဖြစ်နေလို့ မရောင်းချသင့်၊ မစားသင့်ဘူး။ ကာကွယ်ထားတဲ့ မျိုးစိပ်တွေဖြစ်တဲ့အတွက်လည်း စျေးထဲမှာ ရောင်းချစားသောက်နေတာတွေ မဖြစ်သင့်ဘူးဟုပြောသည်။

ရခိုင်ပြည်တစ်ဝန်းရှိ စျေးကွက်များတွင် လိပ်များကို မီးမြှိုက်ပြီး လိပ်ဥများကို တရားမဝင်ရောင်းချနေမှုများအပေါ် အရပ်ဘက်အဖွဲ့အစည်းအချို့ကလည်း ကန့်ကွက်နေကြသည်။

ယင်းသို့ရောင်းချနေခြင်းတို့သည် အလွန်ဆိုးဝါးသည့်လုပ်ရပ်ဖြစ်သည်ဟုလည်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA)ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က နိရဥ္စရာကို ပြောသည်။

လိပ်ကလေးတွေကိုတောင် အဲလိုမျိုးရောင်းချနေတာကတော့ အလွန်ဆိုးဝါးတဲ့လုပ်ရပ်ပဲပေါ့။ လိပ်မှာ ရှားပါးလိပ်နဲ့ ပေါတဲ့လိပ်တော့ရှိတယ်။ ပေါတဲ့လိပ်တွေဆိုတာကလည်း အရမ်းပေါတဲ့အထဲမှာမရှိတော့ဘူး။ လိပ်ကလေးတွေဟာ ထိန်းသိမ်းသင့်တဲ့အထဲမှာပါတယ်။ လိပ်ကလေးတွေဟာ မြန်မာပုံပြင်၊ ဗေဒင်တွေထဲမှာလည်း ပါပြီး ကျနော်တို့ယဉ်ကျေးမှုနဲ့ ဆက်စပ်နေတော့လည်း ထိန်းသိမ်းသင့်တယ်လို့မြင်တယ်။ နောက်ပြီးတော့ ဖမ်းဆီးရောင်းချနေသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်သလို ပညာပေးတွေလည်း လုပ်ပေးသွားရမယ်လို့မြင်တယ်။ဟု ပြောသည်။

ရခိုင်ရှိ လိပ်မျိုးစိတ်များအနက် တောင်လိပ်မျိုးစိတ်သည် ကမ႓ာပေါ်တွင် မြန်မာနိုင်ငံရှိ ရခိုင်ပြည်တစ်ခုတည်းတွင်သာရှိသည့်မျိုးစိတ်ဖြစ်သောကြောင့် ရခိုင်တစ်မျိုးသားလုံးက တာဝန်တစ်ရပ်အနေဖြင့် အရေးတကြီးထိန်းသိမ်းရမည့်လိပ်မျိုးစိတ်တစ်ခုဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် ရခိုင်တောင်လိပ်သည် တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဖမ်းဆီးရှာဖွေ၊ စားသောက်ခြင်းတို့ကြောင့် တဖြည်းဖြည်းမျိုးတုံးပျောက်ကွယ်လာနေပြီဟု သိရသည်။

ယင်းအပြင် ရခိုင့်ပင်လယ်ပြင်အတွင်း ကမ်းနီး၊ ကမ်းဝေးများတွင် အလွန်အကျွံ ငါးဖမ်းခြင်းကြောင့် ငါးဖမ်းပိုက်များတွင် ပင်လယ်လိပ်များကပ်ငြိပါလာပြီးနောက် စျေးကွက်အတွင်းဝင်ရောက်လာကာ ပင်လယ်လိပ်များ သေဆုံးမှုများကိုဖြစ်ပေါ်စေသည်ဟု သိရသည်။

အလားတူ သဲသောင်ပြင်များအတွင်း ပင်လယ်လိပ်များဥချထားသည့် လိပ်ဥများကိုလည်း တူးဖော်ကာ စျေးများ၊ စားသောက်ဆိုင်များ၊ ခေါက်ဆွဲကြော်ဆိုင်များနှင့် ကဘားဆိုင်တို့တွင် အလွယ်တကူ ရောင်းချမှုများရှိနေမှုကြောင့်လည်း လိပ်ရှားပါးမှုအန္တရာယ်ကိုဖြစ်ပေါ်စေသည်ဟု လိပ်နှင့်လိပ်ဥအရေးလှုပ်ရှားနေသူများက ပြောသည်။

ရခိုင်ပြည်နယ်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ကိုရန်နိုင်စိုးက ရှားပါးလိပ်တွေကိုသာမက လိပ်ကလေးတွေကိုလည်း ဖမ်းဆီးစားသောက်ဖို့တွေ မလုပ်ဖို့တားမြစ်ရာမှာ အသိပညာပေးလုပ်ငန်းကတော့ အရေးပါတယ်လို့မြင်တယ်။ နောက်ပြီး လူတွေကလည်း သဘာပတ်ဝန်းကျင်ကို တိုက်ရိုက်မှီခိုပြီးတော့ လုပ်စားနေရတဲ့လူတွေလည်း အများအပြားရှိတော့ အဲဒါတွေကိုဖြေရှင်းဖို့အတွက် အစားထိုးစီးပွားရေးတွေ သက်ဆိုင်ရာက လုပ်ပေးနိုင်ရင်လည်း ပိုကောင်းမယ်ထင်တယ်။ဟုပြောသည်။

ရခိုင်တွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနှင့် စီးပွားရေးအဆင်မပြေမှုတို့ကြောင့် အခြေခံလက်လုပ်လက်စား ရေလုပ်သားများအနေဖြင့် လိပ်များနှင့် လိပ်ဥများကို ရောင်းချနေမှုများ ဆက်ရှိနေဦးမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

လိပ်များနှင့် လိပ်ဥများကို ရောင်းချပါက ဥပဒေအရ အရေးယူနိုင်သည်ဟု သစ်တောဌာနက သတိပေးတားမြစ်ချက်များထုတ်ပြန်ထားသော်လည်း လက်တွေ့မြေပြင်တွင် ထိထိရောက်ရောက်အရေးယူနိုင်မှုမရှိဖြစ်နေသည်ကိုတွေ့နေရသည်ဟုလည်း သူက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနရုံးသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။ ရုံးသို့သွားရောက်တွေ့ဆုံမေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများ အလုပ်မအား၍ဟုဆိုကာ လက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဓာတ်ပုံ - Hello Mrauk Oo နှင့် WCS Myanmar

ဆက်စပ် သတင်းများ