ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောတွင် တောဆင်ရိုင်းတစ်ကောင် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 742

နိရ ဉ္စရာ၊ ဇွန် ၉ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီးတွင် တောဆင်ရိုင်းတစ်ကောင် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့်သေဆုံးနေသည်ကို ရွာသားများက ယနေ့နံနက်တွင်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။
အဆိုပါတောဆင်ရိုင်းကို ယနေ့ ဇွန်လ ၉ ရက် နံနက် ၈ နာရီခန့်တွင် ရွာ၏အရှေ့ဘက် မီတာ ၄ဝ ခန့်အကွာရှိ တံတားငယ်အနီး တောစပ်၌ ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
သေဆုံးနေသည့်ဆင်သည် အဖိုဖြစ်ပြီး ဝမ်းဗိုက်တွင် ၁ ပေခန့် ပြတ်ရှဒဏ်ရာနှင့် အမြီးအဖျားတွင် ၅ လက်မခန့် အရေများလန်နေသည့်ပြတ်ရှဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
“ဒဏ်ရာက ဝမ်းဗိုက်အောက်မှာလေ။ လူလုပ်တာတော့ ဖြစ်မယ်မထင်ဘူး။ အချင်းချင်းသူတို့တိုက်ခိုက်လို့ရတာပဲဖြစ်မှာပါ။ ညကလည်း ဆင်အော်သံတွေကြားလိုက်ရတယ်လို့ ရွာသားတွေက ပြောပါတယ်”ဟု ပြောသည်။
ယင်းအပြင် သေဆုံးနေသည့်ဆင်အနီးတွင် သစ်ပင်အချို့လည်း လဲနေသည်ကိုတွေ့ရသည့်အတွက် ဆင်အချင်းချင်းရန်ဖြစ်၍ ထိခိုက်ဒဏ်ရာရကာ သေဆုံးသွားခြင်းဖြစ်နိုင်သည်ဟု ရွာသားများက သုံးသပ်နေကြသည်ဟု ကျေးရွာရပ်ကျေးစာရေး ကိုကျော်မင်းအောင်က ပြောသည်။
လက်ရှိတွင် မောင်တောမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများလာရောက်နေကြသည့်အတွက် ယင်းဆင်အသေကို ယင်းနေရာတွင် ထားရှိပြီး သစ်တောဌာန၏ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။ (NN-2)

ဆက်စပ် သတင်းများ