ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဘူးသီးတောင် ဖောင်တော်ပြင်အထက(ခွဲ)ကျောင်းသို့ တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.8k

နိရဥ္စရာ ဇူလိုင် ၈ /၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖောင်တော်ပြင် အထက(ခွဲ)ကျောင်းသို့ တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
တောဆင်ရိုင်း ၂ ကောင်က ဇူလိုင်လ ၇ ရက် နံနက်အရုဏ် ၄ နာရီခန့်တွင် ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကျောင်းမှာ ကျောင်းဆရာတစ်ဦးက ပြောသည်။
"ခြေရာကိုကြည့်ရသလောက် ဆင်နှစ်ကောင်လို့ထင်ပါတယ်။ ကျောင်းဘေးနားမှာရွာမရှိတော့ တောအုပ်တွေဖြစ်နေတာပေါ့။ အဲ့တော့ ဒီဆင်တွေက အနီးနားက တောထဲမှာနေကြတယ်။ သူတို့ကိုလည်း ခဏခဏမြင်ရပါတယ်" ဟုပြောသည်။
ယင်းသို့ဖျက်ဆီးခဲ့မှုကြောင့် ကျောင်းအုတ်တံတိုင်း ၂၅ ပေခန့်၊ အိမ်သာတံခါးပေါက် ၃ ခု၊ ပြင်တင်းပေါက် ၁ ပေါက်၊ ကျောင်းခြံစည်းရိုးပေ ၁၀၀ ကျော်ခန့်၊ ဆိုလာဖြင့်ရေတင်သည့်ရေမော်တာနှင့် ဝါယာကြိုးများ ပျက်စီးသွားခဲ့သည်ဟုလည်း သိရသည်။
အဆိုပါကျောင်းတွင် ကျောင်းဆောင် ၄ ဆောင်ရှိသည့်အနက် တစ်ဆောင်မှာ အန္တရာယ်ရှိ၍ပိတ်ထားရပြီး ဆရာ၊ ဆရာမ စုစုပေါင်း ၂၃ ဦးက စာသင်ကြားနေသည်ဟု သိရသည်။
အဆိုပါကျောင်းကို လွန်ခဲ့သည့် ၃ လခန့်ကလည်း တောဆင်ရိုင်းများဝင်ရောက်လာပြီး အုတ်တံတိုင်းများကိုဖြိုဖျက်ကာ ရွာအတွင်းရှိ စိုက်ပျိုးထားသော သီးနှံပင်များကိုလည်း ဖျက်ဆီးခဲ့သလို ရွာသားများကိုပါ ရန်ပြုမူခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
"ရွာသားတွေက ဆင်ဆင်ခြင်ခြင်သတိဝိရိယနဲ့နေလို ့အနာတရဘာမှမဖြစ်ဖူးသေးပါဘူး။ သီးနှံတွေကိုလည်း ဖျက်ဆီးစားသောက်ပြီး ခြေရာတွေကကြီးတော့ နင်းပလိုက်တာတွေလည်း ရှိတယ်။ ဒီနှစ်မှာ ပိုဆိုးလာတော့ လယ်ယာလုပ်ဖို့အတွက်လည်း ရွာသားတွေမှာအခက်အခဲရှိနေကြတယ်" ဟုပြောသည်။
ယခုကဲ့သို့ တောဆင်ရိုင်းများသောင်းကျန်းနေမှုကြောင့် ၂ဝ၁၇ ခုနှစ်နောက်ပိုင်းမှစတင်ကာ ရွာသားအချို့ ဆင်ရန်ကိုကြောက်၍ တောစပ်အနီးတို့တွင် မနေဝံ့တော့ဘဲ ပြောင်းရွှေ့သွားကြပြီဟု သိရသည်။
ထိုရွာသားများနေထိုင်ခဲ့သည့်နေရာများသည်လည်း လက်ရှိတွင် ခြံနွယ်ပိတ်ပေါင်းများထူထပ်စွာပေါက်ရောက်နေသည့်အတွက် တောဆင်ရိုင်းများဝင်ခိုနေမှုများရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။ (NN-13)

ဆက်စပ် သတင်းများ