သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တည်ဆောက်ပြီးစီးသွားသည့် ကျောက်ဖြူရှိ ကျောက်တလုံးမူဆလင်ကယ်ဆယ်ရေးစခန်းသစ်သို့မပြောင်းရွှေ့နိုင်ကြသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.1k

နိရဥ္စရာ၊ ဇူလိုင် ၃ဝ/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တလုံးမူဆလင်ကယ်ဆယ်ရေးစခန်းသစ်ရှိ လူနေအိမ်အားလုံးကို ဆောက်လုပ်ပြီးစီးပြီဖြစ်သော်လည်း မိုးရာသီတွင် ရေနစ်မြုပ်ပြီး ရေနှင့် လျှပ်စစ်မီး တပ်ဆင်ခြင်းမရှိသေး၍ စခန်းဟောင်းမှ ပြောင်းရွှေ့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကျောက်တလုံးကယ်ဆယ်ရေးစခန်းတွင် နေအိမ်အလုံး ၃၆၈ လုံးရှိပြီး နေအိမ်အားလုံးကို ဆောက်လုပ်ပြီးစီးသော်လည်း လျှပ်စစ်မီး၊ လမ်း၊ စာသင်ကျောင်းနှင့် စျေးနေရာများ ဆောက်လုပ်ရန်ကျန်ရှိနေသေး၍ ပြောင်းရွှေ့နိုင်မည့်အချိန်အတိအကျကို မသိနိုင်သေးကြောင်း ကျောက်တလုံးရပ်ကွက်ဥက္ကဋ္ဌ ဦးမောင်နီက ပြောသည်။
"လောလောဆယ်တော့ ဖြစ်မယ်မထင်သေးဘူး။ ပြီးမြောက်အောင် ပြည့်စုံမှုက မရှိသေးဘူး။ ဘာလို့လဲဆိုတော့ စာသင်ကျောင်းကျန်တယ်။ လမ်းကျန်တယ်။ မီးလည်း မရောက်သေးပါဘူး"ဟု ပြောသည်။
လက်ရှိတွင် စခန်းနေသူများမှာ စခန်းသစ်သို့ ပြောင်းရွှေ့နိုင်ခြင်းမရှိသေးသည့်အတွက် စခန်းဟောင်းတွင်သာ ဆက်လက်နေထိုင်လျက်ရှိနေကြသေးသည်ဟု သိရသည်။
ကျောက်တလုံးကယ်ဆယ်ရေးစခန်းသစ်ကို စခန်းဟောင်းနှင့်မနီးမဝေးလယ်ကွင်းပြင်တွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ကယ်ဆယ်ရေးစခန်းကိုဖျက်သိမ်းကာ ရပ်ကွက်/ကျေးရွာအသွင် ပြောင်းလဲ၍ ယခုနှစ်အစောပိုင်းတွင် ပြင်ဆင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိဆောက်လုပ်ထားသည့် ကယ်ဆယ်ရေးနေအိမ်များမှာ ခိုင်ခံမှုအားနည်းပြီး ကြာရှည်နေထိုင်နိုင်မည့်အနေအထားမရှိဟု ကျောက်တလုံး ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများက ပြောဆိုသည်။
ယင်းအပြင် အဆိုပါနေအိမ်များမှာ မိုးရာသီအတွင်း ရေနစ်မြုပ်မှုများကိုလည်းခံနေရပြီး လူများပြောင်းရွှေ့နေထိုင်လာပါက အခက်အခဲများဖြစ်လာမည်ကိုလည်း စခန်းနေသူများက ပြောဆိုနေကြသည်။
ကျောက်ဖြူမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံကလည်း ကယ်ဆယ်ရေးစခန်းပြုပြင်တည်ဆောက်ရာတွင် ပြီးစလွယ်မဟုတ်ဘဲ ပြည့်စုံကောင်းမွန်စွာ ပြုပြင်ပေးဖို့လိုအပ်ကြောင်း နိရဥ္စရာကို ပြောသည်။
"IDP Camp ကိုဖျက်ဖို့လို့ပဲပြောပြော၊ ရွာ တည်ဆောက်တယ်လို့ပဲပြောပြော ကောင်းကောင်းမွန်မွန်တစ်ခုတော့ လုပ်ပေးဖို့လိုတယ်။ ရေရရှိရေး၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ နောက်ပြီး သူတို့ရဲ့ ဘာသာတရားကိုးကွယ်ယုံကြည်မှုအရ သူတို့နေရာရရှိရေး၊ သချႋုင်း၊ ဒါတွေကနေအစ အားလုံးအဆင်ပြေအောင် လုပ်ပေးနိုင်တော့ ပိုကောင်းမယ်ထင်တယ်။ အဲ့ဒီလိုမဟုတ်ဘဲ ပြီးစလွယ် ငါတို့ကတော့ ပြောင်းလိုက်ပြီ။ ငါတို့တာဝန်ပြီးပြီဆိုရင်တော့ တာဝန်ကျေလုပ်မယ်ဆိုရင်တော့ လူသားတစ်ဦးအနေနဲ့ ဒါဟာ အင်မတန်နစ်နာမှုတွေ ရှိမယ်လို့ထင်တယ်။ လူကို လူလိုသွားကြည့်ရမယ်" ဟု ပြောသည်။
ကျောက်တလုံးကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ်အရေးအခင်းအပြီးတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့ ပိုက်ဆိပ်မှ မူဆလင်အများစုနေထိုင်နေသော ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည်။
ယင်းစခန်းတွင် လူဦးရေ ၁၅၃၂ ဦးရှိကြောင်း သိရသည်။(NN-7)

ဆက်စပ် သတင်းများ