စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် စည်ပင်ဝန်ထမ်းတစ်ဦးအပါအဝင် ဒေသခံ ၃ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စည်ပင်ဝန်ထမ်းတစ်ဦးနှင့် တစ်ခြား မိသားစု တစ်ခုမှ သားဖနှစ်ဦးတို့  ယမန်နေ့ နေ့လယ် (၁) နာရီခန့်က ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများ ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက်မှ စည်ပင်အောက်ခြေဝန်ထမ်း ဦးထွန်းထွန်းစိုး (၃၀) နှစ် အရွယ်ခန့်နှင့် ဒေါ်သိန်းမြနု၏ အိမ်ရှင်ဖြစ်သူနှင့် သားငယ်တစ်ဦးတို့ကို   ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား မဖမ်းဆီးမီ မြို့ဝင်ဂိတ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းမှ အသက် ၆၀အရွယ် ဦးကျော်ဇောလှ ( ဆွံ့အသူ)၏ တင်ပါးတွင် သေနတ်ကျည်ဆံ ထိမှန်ခဲ့သည်။

၎င်းနောက် အမှတ် (၅) ရပ်ကွက်ထဲသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ဦးထွန်းထွန်းစိုးအား နေအိမ်ထဲမှ ဖမ်းဆီးခေါ်သွားခဲ့သလို ကျန် နှစ်ဦးအားလည်း ဖုန်းထဲတွင် အေအေ ဓာတ်ပုံတွေ့သည်ဟု ဆိုကာ ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။

ယမန်နေ့ နေ့လယ်  ၁၂နာရီခန့်က ဘူးသီးတောင်မြို့ လျှပ်စစ်မဟာဓါအားလိုင်းခွဲရုံး အနီးတွင်  စစ်ကောင်စီ၏ ကားတစ်စီး မိုင်းဆွဲခံရပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၃ ဦးအား ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသော်လည်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အပေါ် နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။

၎င်းမြို့ခံက" လူတွေကို မဖမ်းခင် စကစကားတစ်စီးမိုင်းဆွဲခံရတယ်။ အဲဒါနဲ့ ခုလိုရပ်ကွက်ထဲကို ဝင်ဖမ်းတယ်။ ဒါက ဆက်စပ်မှုရှိသလားတော့  မပြောတတ်ဘူး" ဟုပြောသည်။

ပြီးခဲ့သည့်  နိုဝင်ဘာ ၂၆ ရက်၊ ညနေ ၆ နာရီကျော်ခန့်ကဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ အုတ်ဖိုလုပ်ငန်း ပိုင်ရှင်တစ်ဦးကိုစစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀ ကျော်ဖြင့် နေအိမ်သို့လာရောက် ဖမ်းဆီးသွားသည်ဟုသိရသည်။

နိုဝင်ဘာ ၁၄ ရက်ကလည်း ဘူးသီးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရခိုင်နှင့် မွတ်ဆလင် အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်း ဖမ်းဆီးခံရသူ အရပ်သား ၁၀၀ ခန့်အထိရှိပြီဟု သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ