ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေတွင် Delta မျိုးစိတ် ကိုဗစ်ပိုးတွေ့ရှိ၍ ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်ရန်ပြင်ဆင်ထားမှု ပြန်စိစစ်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 216

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၄ / ၂ဝ၂၁
ရခိုင်ပြည်နယ်မှ စစ်တွေမြို့တွင် Delta မျိုးစိတ် ကိုဗစ်ပိုးတွေ့ရှိထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်သို့ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်ဖွင့်ရန်ပြင်ဆင်ထားမှုအား ပြန်လည်စိစစ်နေရသည်ဟု ပြည်နယ်အစိုးရက ပြောသည်။
“လောလောဆယ်တော့ ဖွင့်ဖို့အချက်အလက်တွေ စုဆောင်းနေတယ်။ ဖွင့်ချင်တယ်။ ရည်ရွယ်ချက်ကတော့ ဖွင့်ချင်တယ်။ ဒါပေမဲ့ ငါတို့ကဖွင့်တယ်။ ဘင်္ဂလားဒေ့ရှ်မှာရောဂါတွေတိုးနေတယ်။ အဲဒီကနေ လူတွေဒီဘက်ကိုပြန်လာ၊ ပြန်လာတဲ့အခါကျတော့ ရောဂါကူး ဘာညာကျတော့ အများကောင်းဖို့အတွက်လုပ်တာ။ ဒါပေမဲ့ ပြဿနာက အစိုးရပဲ တာဝန်ရှိလာမှာဖြစ်လို့ ငါတို့က ပြန်စိစစ်နေတယ်။”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုကျဆင်းလာသည့်အတွက် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ယင်းစခန်းလက်အောက်ရှိ ကညင်ချောင်းစီးပွားရေးဇုန်အပါအဝင် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းများကို စက်တင်ဘာလ ၁၅ ရက်ခန့်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ရှိသူများက သြဂုတ်လ ၂၃ ရက်တွင် တွေ့ဆုံဆုံးဖြတ်ထားခဲ့သည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၃၁ ရက်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသော Delta မျိုးစိတ်ပိုးရှိသူ ၁၅ ဦးတွင် စစ်တွေမှ ၁ ဦးပါဝင်လာပြီးနောက် ယခင်စီစဉ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဖွင့်လှစ်မည့်အစီအစဉ်အား ယခုကဲ့သို့ ပြန်စိစစ်နေရခြင်းဖြစ်သည်ဟု ဆိုသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဒု-ဥက္ကဋ္ဌ ဦးအောင်စံသိန်းကမူ “ကျနော့်အမြင်ကတော့ တကယ့်တကယ်က ရောဂါက အဓိကပေါ့လေ။ ရောဂါတကယ်ပြန့်ပွားမယ်ဆိုရင်တော့ ဒီဟာတွေကလည်း ကျနော်တို့က အာဏာပိုင်မဟုတ်တဲ့အတွက် သဘောက အစိုးရကပဲ သုံးသပ်ဖို့အတွက် အဓိက လိုမယ်လို့ထင်ပါတယ်။”ဟု နိရဥ္စရာကို ပြောသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်ဖြစ်ပွားမှုများလာမှုကြောင့် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လမှစတင်ကာ ၈ လခန့်ပိတ်ထားခဲ့ရပြီး ယခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၃ လကျော်ဖွင့်လှစ်ခဲ့ပြီးနောက် ရခိုင်တွင် ကိုဗစ်တတိယလှိုင်း ထပ်မံဖြစ်ပွားလာသည့်အတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံပိတ်ထားခဲ့ရသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း စက်တင်ဘာ ၂ ရက်အထိ ကိုဗစ်ပိုးကူးစက်ခံရသူ ၄,၂၄၁ ဦးနှင့် သေဆုံးသူ ၄ဝဝ ဦးအထိရှိသွားပြီဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ရပ်နားထားသည့် ကုန်တင်လှေများအားတွေ့ရစဉ်။


ဆက်စပ် သတင်းများ