ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောနယ်စပ်တွင် ဝါးခုတ်သွားသည့် မြိုရွာသားတစ်စု သေနတ်ပစ်ခံရပြီး ရွာသားတစ်ဦး ကျည်ထိမှန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၈/၂၀၂၂
ဇန်နဝါရီ ၇ ရက် နေ့လယ် ၂ နာရီခန့်က မောင်တောမြို့နယ်မြောက်ပိုင်း ခုံတိုင်ကျေးရွာအနီး လဘော်ချောင်း အထက်ဖက်တွင် ဝါးခုတ်သွားကြသည့် မြိုရွာသားများကို လက်နက်ကိုင် တစ်စုက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရွာသားတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သေနတ်ကျည်ထိမှန်ခဲ့သူမှာ ခုံတိုင်မြိုကျေးရွာမှ ဦးထွန်းလင်း (၃၅)နှစ်ဖြစ်ပြီး လက်ရှိ မောင်တော ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ခုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှကပြောသည်။
ခုံတိုင်ကျေးရွာသား ၂၃ ဦးသည် ယမန်နေ့က လဘော်ချောင်းအထက်ပိုင်း အတိုင်း ဝါးခုတ်သွားရာတွင် အင်အား ၂၀ ကျော်ရှိသည့် ARSA လက်နက်ကိုင်များနှင့်တွေ့၍ ထွက်ပြေးကြရာ သေနတ်နှင့် လိုက်လံပစ်ခတ် ခံခဲ့ရခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးမောင်လှက ပြောသည်။
"ကျွန်တော်တို့ ရွာသားနှစ်ယောက်ကိုအရင်နှစ်ကလည်း အာဆာကတောထဲမှာ ရိုက်နှက် ကြိုးတုတ် ထားတဲ့ဖြစ်ရပ်တွေရှိတော့ လူအများပါမှ တောထဲ သွားရဲပါတယ်။ အခုဒီလောက် လူများတာတောင် သေနတ်နဲ့လိုက် အပစ် ခံရတာပါ။ အခုဒဏ်ရာရတဲ့လူက မောင်တောဆေးရုံမှာပါ"ဟုပြောသည်။
၎င်းဦးထွန်းလင်းတွင် ဘယ်ဖက်ဒူးခေါင်းအောက်တွင် သေနတ်ကျည်ရှထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ယမန်နေ့ ညနေပိုင်းတွင် ကြိမ်ချောင်းတိုက်နယ်ဆေးရုံမှ မောင်တောဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူထားရကြောင်း သူကဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ခုံတိုင်နယ်ခြားစောင့်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေကြောင်းသိရသည်။
ဦးမောင်လှက " ARSA လို့ဘယ်လိုသိလဲဆိုရင် သူတို့ကို ရွာသားတွေ ကိုယ်တိုင်တွေ့ခဲ့လို့ ထွက်ပြေးခဲ့တာပါ။ သေနတ်က လေးလက် ငါးလက်လောက် ပါတယ်လို့ပြောတယ်။ ဒီနေ့ မနက်ကတော့ ခုံတိုင်က နယ်ခြားစောင့်တွေ အဲဒီဘက်ကို တက်သွားတယ်။ သူတို့ စစ်ဆေးမှုတွေ လုပ်နေတယ်"ဟု ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နယ်ခြားစောင့်တပ်ဖွဲ့သို့ မေးမြန်းရန် ဖုန်းဖြင့်ဆက်သွယ်ရာ လက်ရှိ အချိန်ထိ ဖုန်းအဆက်အသွယ်မရရှိသေးပါ။
လွန်ခဲ့သည့် ၂၀၂၁ခုနှစ် ဇူလိုင် ၁၀ ရက်နေ့ကလည် အဆိုပါ ခုံတိုင်ရွာသား နှစ်ဦးအား ARSA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးပြီး ရိုက်နှက်ကာ ကြိုးတုတ် ချည်နှောင်ထားခဲ့ကြောင်း ရွာသားများ၏ ပြောပြချက်အရ သည်။

ဆက်စပ် သတင်းများ