ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရခိုင်သို့သောင်တင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၆ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

မင်းအဂ္ဂ
စစ်တွေ၊ မတ် ၁၁ / ၂ဝ၂၂
ငါးဖမ်းစက်လှေစက်ပျက်၍ ရခိုင်ပြည်နယ် ကျောက်ဖြူကမ်းခြေသို့မျောပါလာခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၆ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB (02) ထံသို့ လွှဲပြောင်းလိုက်ပြီဟု သိရသည်။
ယင်းသို့လွှဲပြောင်းလိုက်သည့်အကြောင်းကို စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက မတ်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
“ငါးဖမ်းသမားများအား ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး လုပ်ငန်းများ အကောင်အထည်ပေါ်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို ကျွန်တော်တို့ မစ်ရှင်မှ အထူးကျေးဇူးတင်ရှိပါသည်”ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လွှဲပြောင်းခံလိုက်ရသူ ၆ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၇ နာရီတွင် ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ NCR အအေးခန်းစက်ရုံအနီး ပင်လယ်ကမ်းခြေ၌ သစ်သား စက်လှေ(၁)စီးနှင့်အတူ ကျောက်ဖြူအာဏာပိုင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက် (ကယုချောင်း)မြို့နယ် ၊ နိုဝါခါလီကျေးရွာ၊ ရာဇာဆားရတ်မှ ဖြစ်ကြပြီး ငါးဖမ်းရန်ထွက်ခွာလာစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ ရေစီးဖြင့် မျောပါလာခဲ့ရာမှ ကျောက်ဖြူသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ၄င်းတို့က ပြောသည်။
သူတို့ကို ကျောက်ဖြူလဝကနှင့် အာဏာပိုင်များက ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးနောက် စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး၏အကူအညီဖြင့် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး(စစ်တွေ)

ဆက်စပ် သတင်းများ