ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် နွားပျောက်လိုက်ရှာသည့် ရွာသားတစ်ဦး နယ်ခြားစောင့်ပစ်ခတ်၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

ချစ်အိလှိုင်
နိရဉ္စရာ၊ မတ် ၁၄/ ၂ဝ၂၂
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း၊ မီးတိုက်ကျေးရွာမှ နွားပျောက်လိုက်ရှာသည့် ရွာသားတစ်ဦး နယ်ခြားစောင့် ရဲတပ်ဖွဲ့က သေနတ်နှင့်ပစ်ခတ်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့ (မတ် ၁၃ ရက်) ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ဒိုင်းနက်လူမျိုး ဦးကျော်မောင်သာ(၃၅) နှစ် ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောဆိုသည်။
အမည်မဖော်လိုသူ ဦးကျော်မောင်သာ၏ ဆွေးမျိုးတော်စပ်သူတစ်ဦးက “ နခခ (၂) နယ်ခြားစောင့်မှ ပစ်ခတ်တာပါ။ သူ့ရဲ့ နွားတစ်ကောင်ပျောက်သွားတော့ ရွာနဲ့ တစ်ဖာလုံလောက်မှာရှိတဲ့ တောစပ်မှာ သွားရှာတာပါ။ နယ်ခြားစောင့်ရဲက လှမ်းပစ်တာပါ။ ပြီးတော့ ရဲနှစ်ယောက်နဲ့ ရွာက ကားမှာပြီး မောင်တော ဆေးရုံကို ပို့လိုက်ပါတယ်။ ဆေးရုံးရောက်တော့သေပြီလို့ပြောတယ်” ဟုပြောသည်။
သေဆုံးသူ၏ ညာဖက်ခြေထောက်ဒူးအောက်ပိုင်းကျည်ထိ၍ ကြေမွသွားကာ အဆိုပါ ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မီးတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းက ပြောသည်။
“နခခ (၂) နယ်ခြားစောင့်က ဗိုလ်ကြီးစိုးမြင့်ဦးက ရွာကရာအိမ်မှူးကို ကားတစ်စီးနဲ့ စခန်းလာခဲ့ ဆိုပြီးခေါ်ယူပြီး မောင်ကျော်သာကို ဆေးရုံကို ပို့ခိုင်းပါတယ်။ မောင်ကျော်သာမှာ သားသမီး လေးယောက်ရှိပါတယ်။ ဒဏ်ရာက ခြေထောက်ပွင့်ထွက်သွားတယ်။ ကြားရတာတော့ သေပြီလို့ ကြားတယ်” ဟုပြောသည်။
လက်ရှိတွင်သေဆုံးသူ၏ အလောင်းအား မောင်တောဆေးရုံမှ ရွာသို့ ပြန်လည်သယ်ယူရန် ပြင်ဆင်နေကြောင်း ၎င်း၏ ပြောပြချက်အရသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့မရဲစခန်းသို့မေးမြန်းစုံစမ်းရာ ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာ သိရှိခြင်းမရှိဘဲ နယ်ခြားစောင့်ကို မေးမြန်းစုံးစမ်းပေးရန် ပြောသည်။
မောင်တောမြို့ဆေးရုံအုပ်ကို သေဆုံးသူနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် ဆေးရုံမှမှတ်ချက်တစ်စုံတစ်ရာ မရရှိသေးပါ။
မီးတိုက်ကျေးရွာတွင် ဒိုင်းနက်နှင့် မရာမာကြီးလူမျိုးစုများနေထိုင်ပြီး အိမ်ခြေ ၁၅ဝ ကျော်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ