အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မြန်မာ - ထိုင်းနယ်စပ်တွင် ထိုင်းစစ်တပ်က စိတ်ကြွဆေး ၄ သန်း နှင့် လူ ၈ ဦးအသေမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 818

နိရဉ္စရာ၊ မေ ၁/၂၀၂၂ (နယ်စပ်ရေးရာ)
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် မယ့်ဖားလုံဧရိယာအတွင်း နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်လာသူများနှင့် နယ်စပ်ကင်းလှည့် ထိုင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုတွင် မူးယစ်ဆေးသယ်သူ (၈)ဦး သေဆုံးပြီး စိတ်ကြွရူးသွပ်ဆေးပြား (၄)သန်းခွဲကို သိမ်းဆည်းရမိကြောင်း Tachileik News Agency တွင် သတင်းရေးသားဖော်ပြသည်။

မြန်မာ - ထိုင်းနယ်စပ်ကို ကင်းလှည့်နေသည့်အဖွဲ့က ၂၀၂၂ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ နံနက် (၁)နာရီခွဲဝန်းကျင်တွင် နယ်စပ်မှ (၃)မိုင်ကျော်အကွာတွင် အထုပ်အပိုးများသယ်လာသည့် အမျိုးသား (၁၀)ဦးကို တွေ့ရသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ပစ္စည်းသယ်သည့်အဖွဲ့က စတင်ပစ်ခတ်သည်ဟု ဆိုသည်။

ပစ်ခတ်ရင်းထွက်ပြေးသည့်အဖွဲ့ကို နယ်စပ်ကင်းလှည့်အဖွဲ့က ပြန်လည်ပစ်ခတ်ရာ (၁၀)မိနစ် ဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားသည်ဟု သိရသည်။

ယင်းနောက် ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် သေဆုံးနေသည့် အမျိုးသား (၈)ဦးအလောင်းကို တွေ့ရပြီး အိတ်အလုံးရေ (၄၅)အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄)သန်းခွဲကို စစ်ဆေးတွေ့ရသည်ဟု သိရသည်။

သေဆုံးသူများထံမှ မည်သည့် အထောက်အထားမှ မတွေ့ရသဖြင့် မည်သည့်အဖွဲ့မှဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း နယ်စပ်ကိုဖြတ်သန်းလာကြသူများဖြစ်သည်ဟု ယူဆထားကြပြီး ဆက်လက်စုံစမ်းနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။



ဆက်စပ် သတင်းများ