သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများနှင့် မူးယစ်ဆေးဝါးတားဆီးရေးကိစ္စ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3k

နိရ ဉ္စရာ၊ ဇွန် ၂ / ၂ဝ၂၂
တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးကိစ္စများအပါအဝင် အချက် ၁၁ ချက်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ယမန်နေ့ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီခွဲတွင် ရခိုင်ပြည်နယ် မောင်တောမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးတွင် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ထက်လွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှု ဌာနချုပ် (ကော့စ်ဘဇ္ဇား)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ကြသည်ဟု သိရသည်။
အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်များအတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ်ဖြတ်ကျော် သွားလာလှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျူးလွန်မှုများနှင့်ပတ်သက်၍ မြေပြင်သတင်း စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ခြံစည်းရိုးအား တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာတားဆီးပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးတွဲကင်းလှည့်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ သတင်းအချက်အလက် ဖလှယ်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ နှစ်နိုင်ငံအကြားတွေ့ဆုံဆွေးနွေးမှုများကို အမြဲမပြတ်ပြုလုပ်နေကြသော်လည်း လက်တွေ့မြေပြင်တွင် ထိန်းချုပ်နိုင်မှုအားနည်းနေသည်ကိုတွေ့ရသည်ဟုလည်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက နိရ ဉ္စရာကို ပြောသည်။
“ဒီဟာတွေပပျောက်ဖို့အတွက် သူတို့အဓိက လုပ်ရမှာက မူးယစ်ဆေးဝါးကို တစ်ဘက်နိုင်ငံကို ဖြန့်ဖြူးရောင်းချနေတဲ့ မူးယစ်ရာဇာကြီးတွေကိုဖမ်းပြီးတော့ အရေးယူရမယ်။ နောက်တစ်ခုက ခိုးဝင်ခိုးထွက်ကိစ္စ ဒီကူးတို့သည်တွေကို ဖမ်းပြီးတော့ အရေးယူရမယ်။ အဲလိုဆိုရင် အဲဒီကိစ္စတွေ လျော့ဆင်းသွားမယ်။ နည်းသွားမယ်။ ပျောက်ကွယ်သွားမယ်”ဟု ပြောသည်။
မူးယစ်ဆေးဝါးများနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများမှာ မြေလျှိုး၍ မိုးပျံကာသွားလာနေကြခြင်းမဟုတ်ဘဲ ကူးတို့စက်လှေများဖြင့် သွားလာနေကြခြင်းဖြစ်သည့်အတွက် ယင်းစက်လှေများကို ထိရောက်စွာအရေးယူသင့်ပြီး ထိရောက်စွာအရေးမယူနိုင်ခြင်းမှာ ဒေသတွင်း တရားဥပဒေစိုးမိုးမှုမရှိ၍ဖြစ်သည်ဟုလည်း ဦးမောင်အုန်းက ဆိုသည်။
“တာဝန်ကျတဲ့ အာဏာပိုင်တွေက တရားဥပဒေစိုးမှုဖို့လိုတယ်။ တရားဥပဒေကို မချိုးဖောက်ဖို့ အရေးကြီးတယ်ဆိုတာကို ပြောချင်တယ်”ဟု ပြောသည်။
မောင်တောတွင် မြန်မာကျပ်ငွေဘီလီနှင့်ချီတန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မကြာခဏဖမ်းဆီးရမိမှုများလည်းရှိနေပြီး ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်သို့ မူးယစ်ဆေးသယ်ဆောင်ရာလမ်းကြောင်းသဖွယ်ဖြစ်နေသည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။
ယမန်နေ့ကပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များအနီး အဆောက်အဦ ဆောက်လုပ်မှု များဖျက်သိမ်းရေး၊ နယ်စပ်ဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှု၊ ပစ်ခတ်မှု ဖြစ်စဉ်များစသည့် သတင်းများနှင့်စပ်လျဉ်း၍ အပြန်အလှန် သတင်းဖလှယ်ပေးရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (မောင်တော-တက္ကနာ့ဖ်) လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်လေးစားမှုတို့ ပိုမိုဖြစ်ထွန်းနိုင်ရေးအတွက် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ ယဉ်ကျေးမှုဖလှယ်မည့် ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ ပြုလုပ်နိုင်ရေး နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန်စသည့်အချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ (NN-2)

ဆက်စပ် သတင်းများ