သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြန်မာအနောက်ဘက်နယ်စပ်အနီးရှိ ဘင်္ဂလာဘက်ခြမ်းရွာတော်ခရိုင်တွင် ဝမ်းရောဂါဖြစ်၍ သေဆုံးသူ ၁၀ ဦးအထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နိရဉ္စရာ၊ ဇွန် ၁၆ (နယ်စပ်ရေးရာ)
မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်နှင့် ကပ်ရပ်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဗိုလ်မင်းထောင် ရွာတော် (ဘင်ဒရိုဘင်) ခရိုင်မှ ဝေးလံခေါင်သီသော ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့သည်ဟု Dhaka Tribune က ယနေ့တွင် သတင်းဖော်ပြသည်။
၎င်းတို့အနက် ကိုးဦးမှာ ခရိုင်၏တောင်ပိုင်း တန်းဆိပ်မြို့နယ်တွင် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ကျန်တစ်ဦးမှာ အလယ်ခွာတောင်မြို့နယ် တွင်သေဆုံးခဲ့ကြောင်း ရွာတော်မြို့ပြခွဲစိတ်ဆရာဝန် Niharanjan Nandi က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
၎င်းဆရာဝန်က " ရွာတော်ခရိုင်မှာ မုတ်သုံရာသီအစမှာ ဝမ်းပျက် ဝမ်းလျှောရောဂါ နှစ်စဉ် ဖြစ်ပွားနေတာကို တွေ့ရတယ်။ ဒါက ညစ်ညမ်းတဲ့ ရေတွေကြောင့် ဖြစ်ရတာ" ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ် ဆေးဘက်ဆိုင်ရာအဖွဲ့သည် ထိခိုက်မှုဖြစ်ပွားရာဒေသရှိ အခြေအနေကို ထိန်းချုပ်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
လုံလောက်သော ဆေးဝါးပမာဏကို လူမျိုးစု တိုင်းရင်းသားများနေထိုင်ရာ တန်းဆိပ်မြို့နယ်နှင့် အလယ်ခွာတောင်မြိုနယ်များသို့ ပေးပို့ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းနေရာများမှာ လူနည်းစု တောင်ပေါ်တိုင်းရင်းသားများ နေထိုင်ရာ ဧရိယာများဖြစ်ပြီး သောက်သုံးရေပြတ်လပ်မှုကြောင့် ညစ်ညမ်းသော ရေများကို ဒေသခံများက သောက်သုံးနေကြရာမှ ဝမ်းရောဂါဖြစ်ပွားကြောင်း သိရသည်။
အဖွဲ့ဝင် ၁၀ ဦးပါ ကျန်းမာရေး ဆေးအဖွဲ့တစ်ဖွဲ့က ကုသပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။ ဘင်္ဂလာအာဏာပိုင်များသည် ထိုဒေသတွင် အရေးပေါ် မြေပြင်ဆေးရုံတစ်ခုကို တစ်ရက်နှစ်ရက် အတွင်း ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဆက်စပ် သတင်းများ