သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အမျိုးသားစာပေတစ်သက်တာဆုရှင်၊ ဘာသာပြန်စာရေးဆရာကြီး မောင်ပေါ်ထွန်းကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.1k

နိရဥ္စရာ၊ ဩဂုတ် ၁၃/၂၀၂၂
အမျိုးသားစာပေဆု တစ်သက်တာဆုရှင်၊ ဘာသာပြန်စာရေးဆရာကြီး မောင်ပေါ်ထွန်း (၈၈) နှစ်သည် ယနေ့ နံနက်က ကွယ်လွန်သွားသည်ဟု သိရသည်။
အမျိုးသားစာပေတစ်သက်တာဆုရှင်နှင့် တခြားစာပေဆုရှင် ဆရာကြီး မောင်ပေါ် ထွန်းသည် ယနေ့ ဩဂုတ်လ ၁၃ရက်နေ့၊ နံနက် ၉နာရီ ၄၅မိနစ်တွင် လူကြီးရောဂါနှင့် ရန်ကုန်မြို့၊ အမှတ် (၂) ကုတင် ၅၀၀ ဆေးရုံတွင် ကွယ်လွန် သွားခြင်းဖြစ်သည်ဟု သိရသည်။
ဆရာကြီးမောင်ပေါ်ထွန်းသည် မာန်အောင်ဇာတိ ရခိုင်အမျိုးသားတစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ဘာသာပြန်စာပေလောကတွင်ထင်ရှားသည့် စာရေးဆရာကြီး တစ်ယောက်လည်းဖြစ်သည်။
၁၉၉၇ ခုနှစ်အတွက် အမျိုးသားစာပေဆု ( ဘာသာပြန်ရသ )" ကန္တာရစမ်းရေအိုင် " ဘာသာပြန်လုံးချင်းစာအုပ်ဖြင့် ရရှိခဲ့ပြီး ၂၀၀၆ခုနှစ် အတွက် အမျိုးသားစာပေ (ဘာသာပြန်ရသဆု) ကံကြမ္မာအကျဥ်းသားဆုဖြင့် ထပ်မံ ရရှိခဲ့သည်။ ၂၀၁၄ခုနှစ်အတွက် အမျိုးသားစာပေဆုတစ်သက်တာ စာပေဆုကိုချီးမြှင့်ခံထားရသည့် စာရေးဆရာကြီးတစ်ဦးဖြစ်သည်ဟုသိရသည်။
ဆရာလွမ်းပြေအောင်(စစ်တွေ) က ဆရာကြီးမောင်ပေါ်ထွန်း ကွယ်လွန် သွားမှုသည် အစားထိုးမရသည့် မြန်မာစာပေလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ယခုလိုထင်ရှားကျော်ကြားသည့် ဘာသာပြန် စာရေးဆရာကြီးတစ်ဦးကွယ်လွန်မှုအပေါ် အံ့ဩမိပြီး ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသည်ဟု နိရဥ္စရာကိုပြောသည်။
" ဒီကိစ္စက ဘယ်သူမဆို ရင်ဆိုင်လာရမယ့် လမ်းဖြစ်တယ်။ သို့သော် ဆရာကြီး ဆုံးတယ်လို့ကြားရတဲ့ အတွက် အထူး စိတ်မကောင်းဘူး။ ကိုယ့်ရခိုင် လူမျိုးလည်းဖြစ်သလို၊ မြန်မာစာပေလောကမှာလည်း ထွန်းတောက်တဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့အတွက်ကြောင့်၊ ကြွေလွင့်သွားတာကို ရခိုင်လူမျိုး တစ်ယောက် အနေနဲ့သော်လည်းကောင်း၊ စာပေသမား တစ်ယောက် အနေနဲ့သော်လည်းကောင်း အတိုင်းမသိ ဝမ်းနည်းမိပါတယ် " ဟု ပြောသည်။
ဆရာကြီးမောင်ပေါ်ထွန်းကို ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၊ ရေမျက်ဝ ရွာတွင် အဖ ပန်းချီ၊ပန်းပု လက်သမားဆရာကြီး ဦးမောင်ပု၊ အမိဒေါ်အေးသာတို့က ၁၉၃၅ခုနှစ်၊ မေလ ၁၄ရက် နေ့မွေးဖွားခဲ့ပြီး၊ အမည်ရင်းမှာ ဦးခင်မောင်စိုးဖြစ်သည်ဟုသိရသည်။
ဆရာကြီးဦးမောင်ပေါ်ထွန်းသည် မူလတန်းပညာကို ဇာတိရွာ ဘုန်းကြီးကျောင်းနှင့် အထက်တန်း ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၅နှစ်သားတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အလွတ်ပညာသင်ကျောင်း တက်သည်။
လှကော်မာရှယ်ကောလိပ်မှ မြန်မာလက်ရေးတို ပထမဆုရခဲ့သည်။ ၁၉၅၅ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်) အဖွဲ့၌လက်နှိပ်စက် စာရေးတို စာရေးအဖြစ် စတင် အမှုထမ်းခဲ့သည်။ ၁၉၆၇-၆၈ခုနှစ်တွင် အခြေခံပညာအထက်တန်း စာမေးပွဲကို အင်္ဂလိပ်ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။သတင်းစာပညာ အတတ်သင်ကျောင်း အပတ်စဥ်(၁)တွင် ပထမဆုရခဲ့သည်။ ၁၉၇၃ခုနှစ်တွင် လုပ်သားများ ကောလိပ်မှ ဝိဇ္ဇာ(သမိုင်း)ဘွဲ့ရခဲ့သည်။ ၁၉၇၈ခုနှစ်တွင် စာပေဗိမာန်အသင်း ကြီးကြပ်ရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။
၁၉၅၈ခုနှစ်တွင် စာပန်းချီမဂ္ဂဇင်း၌ ခုနှစ်နှစ်အရွယ် သမီးငယ် (Seven Years Old Girl) ရုရှားပုံပြင်ဘာသာပြန်ဖြင့် စာပေလောကသို့စတင်ဝင်ရောက်ခဲ့သည်။ မဂ္ဂဇင်းဂျာနယ်များတွင် ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများရေးသားခဲ့သည်။စာအုပ်လောကစာစောင်၊ပန်မဂ္ဂဇင်း၊ချယ်ရီမဂ္ဂဇင်းနှင့် စီးပွားရေးမဂ္ဂဇင်းတို့တွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။
" စာအုပ်ဟူသည် " စာအုပ်ကိုမောင်ဆုရှင်နှင့်လည်းကောင်း၊ " စာနယ်ဇင်းဟူသည် " စာအုပ်ကို မောင်ဆုရှင်၊ သိန်းတင် (ဟံသာဝတီ) လည်းကောင်း တွဲဖက်ရေးသားထုတ်ဝေခဲ့သည်။
နိုင်းလ်မြစ်ဝှမ်းမှတော်လှန်ရေး၊ ကျွန်မချစ်တဲ့ဆူကာနို၊ ပင်တဂွန်၊ ယက်ဗ်ဂျင်နီယက်ဗ်တူရှင်ကို၊ မောင့်ဘက်တန်နှင့် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ၊ ကမ္ဘာ့ရန်၊ အကြီးအကြဲ၊ ကျေရာကျေကြောင်း၊ ငွေရှာနည်းငွေသုံးနည်း၊ စံပြအရောင်းသမား၊ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမှျ၊ သံပြခေါင်းဆောင်မှု၊ကိုယ်စွမ်းကိုယ်စဖြင့်ကြီးပွားရေး၊ မဟာဒီလှိုင်း၊အောက်စ်ဖို့တက္ကသိုလ်သုံး အင်္ဂလိပ်သဒ္ဒါကျမ်း၊ခေတ်သစ်ရောင်းဝယ်ရေးဗျူဟာ၊ ကန္တာရစမ်းရေအိုင်စသည့် ဘာသာပြန်လုံးချင်း စာအုပ်များတွင် ထုတ်ဝေခဲ့သည်ဟု ဝီကီပီဒီးယားတွင် ဖော်ပြထားသည်။
ဆရာကြီးမောင်ပေါ်ထွန်း၏ ရုပ်အလောင်းကို ရန်ကုန်မြို့တွင် တနင်္လာနေ့ မွန်းလွဲ ၃နာရီအချိန်တွင် သင်္ဂြိုဟ်သွားမည်ဟုသိရသည်။

ဆက်စပ် သတင်းများ