ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဆော်ဒီအာရေဗျကလပ် အယ်လ် ဟီလ်လယ် သို့ ဘရာဇီးတိုက်စစ်မှူး နေမာ ပြောင်းရွှေ့သွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 528

ပြင်သစ်ကလပ် ပီအက်စ်ဂျီ တွင် ကစားနေသော ဘရာဇီးတိုက်စစ်မှူး နေမာ အား ဆော်ဒီအာရေဗျ ကလပ် အယ်လ်ဟီလယ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ (ပေါင် ၇၇.၆သန်း) ဖြင့် ခေါ်ယူရန် သဘောတူလိုက်ပြီဟု သိရှိရသည်။

ထို့ကြောင့် အသက် ၃၁နှစ်အရွယ်ရှိ ဘရာဇီးတိုက်စစ်မှူး နေမာသည် ယခုဘောလုံးရာသီမှ စတင်ကာ ဆော်ဒီအာရေဗျလိဂ်တွင် ကစားနေသော ထိပ်တန်း ဘောလုံးသမားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

နေမာသည် ဘာစီလိုနာမှ ပြင်သစ်ကလပ် ပီအက်စ်ဂျီ သို့ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေကြေး ပေါင် သန်း(၂၀၀)ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်

ကမ္ဘာ့ထိပ်တန်းကစားသမားများကို အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလေ့ရှိသော ပီအက်စ်ဂျီ အသင်းသည် ယခုနှစ်တွင် အသင်းမှ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ ထွက်ခွါသွားပြီးနောက် ယခုတဖန် နေမာကိုပါ ထွက်ခွာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

နေမာ၏ ပြင်သစ်ကလပ်တွင် ရရှိသော တစ်နှစ်လုပ်ခလစာမှာ ယူရို ၂၅သန်း(ပေါင် ၂၁ ဒဿမ ၆သန်း) ရှိသည်။

ဆော်ဒီအာရေဗျကလပ်တွင် နေမာ ရရှိမည့် တစ်နှစ်လုပ်ခလစာမှာ ယူရို သန်း ၁၅၀ (ပေါင် ၁၂၉ ဒဿမ ၂သန်း) ရှိရာ ပြင်သစ်ကလပ်ထက် ခြောက်ဆ လုပ်ခလစာ ပိုများသည်ဟု ဆိုသည်။

ဘရာဇီးတိုက်စစ်မှူး နေမာသည် ပြင်သစ်ကလပ် ပီအက်စ်ဂျီတွင် ၁၇၆ ပွဲ ပါဝင်ကစားခဲ့ပြီး လိဂ်ချန်ပီယံ (၅)ကြိမ်၊ ဆုဖလားပေါင်း (၁၃)ခု ရရှိခဲ့ကာ ၂၀၂၀ ဥရောပချန်ပီလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

ပီအက်စ်ဂျီတွင် ကစားနေစဉ် နေမာသည် မကြာခဏ ခြေကျင်းဝတ်ဒဏ်ရာရရှိပြီး အနားယူနေသည့် အချိန်က များနေသည်။

သူသည် ၂၀၂၂ခုနှစ်၊ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဒဏ်ရာရခဲ့သဖြင့် ဘရာဇီး၏ အဖွင့်ပွဲစဉ် နှစ်ပွဲကို လွဲချော်ခဲ့ရသည်။

နာမည်ကျော် တိုက်စစ်မှူး ဘာပေး ပီအက်စ်ဂျီ အသင်းမှ ထွက်ခွါတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မထွက်ခွါဖြစ်တော့ဘဲ အသင်းနှင့် ပြန်လည်ပူးပေါင်းပြီး ၂၄ နာရီမကြာမီ နေမာ၏ အပြောင်းအရွှေ့သဘောတူညီမှုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆော်ဒီကလပ် အယ်လ် ဟီလယ်သည် ပြီးခဲ့သည့်လက တိုက်စစ်မှူးဘာပေးအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးသည်။

လာမည့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ထိပ်တန်းလိဂ်တစ်ခုဖြစ်လာရန် မျှော်မှန်းထားသော ဆော်ဒီအာရေဗျလိဂ်အသင်းများသည် ဥရောပကလပ်များမှ ထိပ်တန်းကစားမားများကို အမြင့်ဆုံးပြောင်းရွှေ့ကြေးများပေး၍ ခေါ်ယူလျှက်ရှိသည်။

ယခုအခါ ဆော်ဒီအာရေဗျကလပ်များတွင် မန်ယူမှပြောင်းရွှေ့လာသော ခရစ္စတီယာနို ရော်နယ်ဒို အပါအဝင် ဘင်ဇီးမား၊ ကန်တီ၊ ဂျော်ဒန် ဟင်ဒါဆန်၊ ရူဘင် နီဗက်စ်၊ ဆာဒီယို မာနေး၊ ရောဘတ်တို ဖာမီနို တို့ ပြောင်းရွှေ့ကစားလျှက်ရှိကြသည်။ NN-27

 ref:AFP

ဆက်စပ် သတင်းများ