စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မဏိပူရတွင် လူမျိုးစုအချင်းချင်း အဓိကရုဏ်းဖြစ်ပွား၍ လူပေါင်း ၅၄ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k


(နေအိမ်၊ စျေးဆိုင်၊ မော်တော်ကားနှင့် ဘာသာရေးအဆောက်အအုံများ မီးရှို့ ဖျက်ဆီးခံရ)

 

နိရဉ္စရာ၊ မေ ၇/၂၀၂၃ (နိုင်ငံတကာ)

 

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း မြန်မာနိုင်ငံနယ်စပ်အနီး မဏိပူရပြည်နယ်တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ကစ၍ လူမျိုးရေး အဓိကရုဏ်းတစ်ရပ် ပေါ်ပေါက်ခဲ့ရာ လူနေအိမ်များ၊ မော်တော်ကားများ၊ စျေးဆိုင်များ နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ မီးရှို့ဖျက်ဆီးခံရပြီး သောကြာနေ့အထိ လူပေါင်း ၅၄ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။

 

အာဏာပိုင်များက အခြေအနေကို ထိန်းသိမ်းရန် စစ်သားများ စေလွှတ်ခဲ့သော်လည်း သောကြာနေ့တွင် ရုန်းရင်းဆန်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် လူေးဦး ထပ်မံသေဆုံးခဲ့သည်။

 

အိန္ဒိယအစိုးရသည် အခြေအနေကို ထိန်းသိမ်းရန် စစ်သားအများအပြား မဏိပူရသို့ စေလွှတ်ခဲ့ပြီး အာဏာပိုင်များက အင်တာနက်ကွန်ယက်များ ဖြတ်တောက်ထားသည်။

 

အခြေအနေအလွန်အကျွံဆိုးရွာလာပါက တွေ့သောနေရာတွင် ပစ်ခတ်ရန် အမိန့်ပေးထားသည်။

 

သောကြာနေ့ညက ရုန်းရင်းဆန်ခတ်ဖြစ်ပွါးပြီးနောက် အခြေအနေမှာ တင်းမာနေဆဲဖြစ်သည်ဟု ရဲများက အေအက်ဖ်ပီ သို့ ပြောကြားသည်။

 

အိန္ဒိယ ပီတီအိုင်သတင်းဌာန၏ အဆိုအရ မြို့တော် အင်ဖာ နှင့် တောင်ပိုင်း ချူရာချန်ပါဆေးရုံ အအေးတိုက်တွင် အလောင်း ၅၄လောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

 

မဏိပူရပြည်နယ် ရဲချုပ် ပီ ဒေါင်ဂျဲ က လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းနိုင်ရန်ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သော်လည်း သေဆုံးသူအရေအတွက်အတိအကျကို တရားဝင်ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

 

အင်တာနက်ဖြတ်တောက်ထားသည့်အတွက် အသေးစိတ် သတင်းရရှိရန်ခက်ခဲနေပြီး အိမ်နီးချင်း နာဂလန်းပြည်နယ်တွင် အခြေစိုက်ထားသည့် အိန္ဒိယစစ်တပ်၏ အဆိုအရ ထွက်ပြေးတိမ်းရှောင်လာသူ ၁၃၀၀၀ ကို စစ်တပ်အတွင်း ခိုလှုံခွင့်ပေးထားရသည်ဟု သိရသည်။

 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ Meitei ဟု ခေါ်သည့် ကသည်းလူမျိုးများ အဓိကနေထိုင်ပြီး ကူကီးချင်း အပါအဝင် အခြားလူမျိုးစုငယ်များလည်း နေထိုင်ကြသည်။

 

အဓိကလူမျိုးစု ကသည်းက လူဦးရေ၏ ၆၀% ထိရှိပြီး လူမျိုးစုကြီးအဖြစ် သတ်မှတ်ခံထားရသော်လည်း ပြည်နယ်၏ နယ်မြေ ၁၀% တွင်သာ နေထိုင်သည်။ မဏိပူရ တရားရုံးချုပ်သည် လူမျိုးစုကြီးဖြစ်သော ကသည်း များအတွက် Scheduled Tribal status အခွင့်အရေးတစ်ရပ်ကို မကြာမီက ပြဌာန်းခဲ့သည်။

 

ကသည်းများအား ထိုအခွင့်အရေးပေးလိုက်သည်ကို ကူကီးချင်း အပါအဝင် လူမျိုးးစုငယ်များက ဆန့်ကျင်ဆန္ဒပြကြရာမှ အဓိကရုဏ်းဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

 

 Scheduled Tribal status မှာ လူမျိုးစုငယ်များအား အစိုးရဌာနအလုပ်အကိုင်၊ တက္ကသိုလ်များဝင်ခွင့်၊ ရွေးကောက်ခွင့်၊ ကျေးရွာ ကောင်စီနေရာ စသည်တို့တွင် ခွဲတမ်းသတ်မှတ်ပေးထားခြင်းဖြစ်သည်။

 

ယခု သတ်မှတ်ချက်ကို အဓိလူမျိုးစု ကသည်းများအတွက်ပါ မဏိပူရ ဗဟိုတရားရုံးက အတည်ပြုလိုက်သဖြင့် လူမျိုးစုငယ်များက မကျေမနပ်ဖြစ်ကြခြင်းဖြစ်သည်။

 

ဤ သတ်မှတ်ချက်အရ ကသည်းလူမျိုးများက လူမျိုးစုငယ်များပိုင်ဆိုင်သည့် မြေယာများကိုပါ ဝယ်ယူခွင့် ရရှိလာပြီး ၄င်းတို့၏ နယ်မြေများ ဆုံးရှုံးလာနိုင်သည့်အတွက် လူမျိုးစုငယ်များက ကန့်ကွက်ကြခြင်းဖြစ်သည်။ မဏိပူရပြည်နယ်သည် အိန္ဒိယနိုင်ငံထဲတွင် ပါဝင်သော်လည်း လူမျိုးစု၊ ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းမှာ အခြားပြည်မ ပြည်နယ်များနှင့် မတူကွဲပြား ရှိနေခဲ့သည်။

 

၁၈ ရာစုအတွင်း မြန်မာဘုရင်လက်အောက်သို့ ရောက်ရှိခဲ့ပြီးနောက် ဗြိတိသျှအိန္ဒိယအင်ပါယာအတွင်း သွပ်သွင်းခံခဲ့ရသည်။ မဏိပူရ ကသည်းတော်လှန်ရေးသမားများက အိန္ဒိယမှ ခွဲထွက်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်မှု ရှိနေသလို ပြည်နယ်အတွင်း မတူကွဲပြားသော လူမျိုစုငယ်များက တန်းတူအခွင့်အရေး တောင်းဆိုမှုများလည်း ရှိနေခဲ့သည်။

 

NN- 27

ref : AFP/ PTI

 

ဆက်စပ် သတင်းများ