အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

တော်လှန်ရေးခေါင်းဆောင် " ချေဂွေဗာရား"အား ဖမ်းဆီးခဲ့သည့် ဘိုလီးဗီးယားစစ်ဗိုလ်ချုပ် ဂယ်ရီ ပရာဒို ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 769

နိရဉ္စရာ၊ မေ ၈/ ၂၀၂၃ (နိုင်ငံတကာ)

 

ကမ္ဘာကျော် ကျူးဘားကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင် "ချေဂွေဗာရား"အား ဖမ်းဆီးပေးခဲ့သည့် ဘိုလီဗီးယား စစ်ဗိုလ်ချုပ် "ဂယ်ရီ ပရာဒို ဆယ်လ်မွန်" ကွယ်လွန်သွားပြီဟု သိရသည်။

 

၎င်းသည် ကွယ်လွန်ချိန်တွင် အသက်(၈၄)နှစ် ရှိပြီဖြစ်သည်။

 

၁၉၆၇ ခုနှစ်က ဂယ်ရီ ပရာဒို ဆယ်လ်မွန် ဦးဆောင်ပြီး အမေရိကန်ထောက်လှမ်းရေး အေျင့်များပါဝင်သော စစ်ဆင်ရေးတစ်ခုအတွင်း ချေဂွေဗာရား ဦးဆောင်သော ကွန်မြူနစ်ပျောက်ကျားအဖွဲ့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။

 

ထိုစဉ်အချိန်က ဘိုလီဗီးယားတွင် လက်ယာစွန်းစစ်အစိုးရက ဦးဆောင်နေသည်ပြီး အမေရိကန် နှင့် ဆိုဗီယက်တို့အကြား စစ်အေးတိုက်ပွဲ အပြင်းထန်ဆုံးချိန် ရောက်ရှိနေချိန်ဖြစ်သည်။

 

အမေရိကန်သည် လက်တင်အမေရိကတွင် ချေဂွေဗာရား​၏ လှုပ်ရှားမှုများနှင့်အတူ ကွန်မြူနစ်ဝါဒ လွှမ်းမိုးလာမည်ကို အထူးစိုးရိမ်နေသည့် အချိန်ကာလလည်းဖြစ်သည်။

 

ချေဂွေဗာရားသည် ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေး အောင်မြင်ပြီးနောက် အခြားနိုင်ငံများတွင် ပြောက်ကျားလှုပ်ရှားမှုများကို ဆက်လက်ဦးဆောင်ရန် ကျူးဘားနိုင်ငံမှ ထွက်ခွါခဲ့သည်။

 

သူသည် ကျူးဘားကွန်မြူနစ်ခေါင်းဆောင် ဖီဒယ်ကက်စရို​၏ အဓိက အရင်းနှီးဆုံး မဟာမိတ်တစ်ဦးဖြစ်သလို ကမ္ဘာ့ကွန်မြူနစ်နိုင်ငံများ​၏ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့သည်။

 

ချေဂွေဗာရား ဦးဆောင်သည့် ပြောက်ကျားအဖွဲ့ကို ခြုံခိုတိုက်ခိုက်အနိုင်ယူပြီးနောက် ဗိုလ်ချုပ် ဂယ်ရီ ပရာဒိုမှာ ဘိုလီးဗီးယား စစ်အစိုးရအား ကာကွယ်ပေးခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်လာခဲ့သည်။

 

ဗိုလ်ချုပ် ပရာဒိုသည် အမေရိကန်က လေ့ကျင့်ပေးထားသည့် ဘိုလီးဗီးယား ရိန်းဂျားတပ်ကို ဦးဆောင်ကာ ဝေးလံခေါင်ဖျားသည့် ဘိုလီးဗီးယားတောတွင်းတစ်နေရာ၌ လှုပ်ရှားနေသည့် ချေဂွဗာရား ပြောက်ကျားအဖွဲ့ကို နှိမ်နင်းနိုင်ခဲ့သည်။

 

၁၉၈၁ ခုနှစ်မှစ၍ သူသည် ကျောကုန်းတွင် မတော်တဆ သေနတ်ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း လက်တွန်းကုလားထိုင်ဖြင့်သာ နေထိုင်ခဲ့ရသည်။

 

၁၉၆၇ ခုနှစ်တွင် ချေဂွေဗာရား အား သူမည်သို့ ဖမ်းဆီးနိုင်ခဲ့ပုံအကြောင်း ( How I Captured Che ) စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

 

ဂယ်ရီပရာဒို​၏ သားဖြစ်သူက " သူ့ဘဝမှာ ချေဂွေဗာရားကို ဖမ်းဆီးနိုင်ခဲ့တာဟာ အရေးကြီးဆုံး မဟုတ်ခဲ့ပါဘူး။ အဲဒါထက်အရေးကြီးတာက သူဟာ ဘိုလီးဗီးယား လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းပုံ နဲ့ ဥပဒေကို လေးစားလိုက်နာတဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတစ်ခု ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာပဲဖြစ်တယ်" ဟု ပြောကြားခဲ့သည်။

 

ချေဂွေဗာရားသည် လာပက်ဇ်မြို့တောင်ဘက် ၈၃၀ ကီလိုမီတာ(၅၁၆မိုင်) အကွာရှိ လာ ဟီဂွဲယား ကျေးရွာတွင် သုတ်သင်ခံရပြီး လျှို့ဝှက်တစ်နေရာတွင် အလောင်းကို မြှုပ်နှံထားခဲ့သည်။

 

ချေဂွေဗာရားအား ဖမ်းဆီးရမိပြီးနောက် ပစ်သတ်ခဲ့သည့် ဘိုလီးဗီးယား စစ်အရာရှိ မာရီယိုီယန်လည်း ယမန်နှစ်က ကွယ်လွန်သွားပြီဟု သိရသည်။

 

၁၉၉၂ခုနှစ်တွင် ချေဂွေဗားရား မြှုပ်နှံထားသော နေရာအား ရှာဖွေတွေရှိပြီးနောက် အလောင်းကို ပြန်ဖော်ကာ ကျူးဘားသို့ ယူဆောင်၍ ပြန်လည်မြှုပ်နှံခဲ့သည်။ ချေဂွေဗားရားသည် ကျူးဘားကွန်မြူနစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သော်လည်း သူ​၏ ဇာတိမှာ အာဂျင်တီးနားဖြစ်သည်။ NN-27

ref: AFP

ဆက်စပ် သတင်းများ