အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဇီလန်းစကီးကို အပြည့်အဝထောက်ခံအားပေးပြီး တရုတ်​၏ စီးပွားရေးဗိုလ်ကျလွှမ်းမိုးမှုကိုဆန့်ကျင်ရေး ဟီရိုရှီးမားထိပ်သီးအစည်းအဝေးတွင် ဂျီဆဲဗင်းနိုင်ငံများ သဘောတူခဲ့ကြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 582

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် မေလ (၁၉)ရက်မှ (၂၁)ရက်အထိ သုံးရက်တာ ကျင်းပခဲ့သော စက်မှုထိပ်သီး(၇)နိုင်ငံ​၏ ထိပ်သီးအစည်းအဝေးက ရုရှား​၏ ကျူးကျော်မှုကို ခုခံတိုက်ခိုက်နေသော ယူကရိန်းခေါင်းဆောင် ဇီလန်းစကီးအား အပြည့်အဝအားပေးကူညီရန် သဘောတူညီခဲ့ပြီး တရုတ်နိုင်ငံ​၏ စီးပွားရေးအရ နိုင်ငံငယ်များအပေါ် ဗိုလ်ကျလွှမ်းမိုးနေမှုကို ဆန့်ကျင်ကြရန် သဘောထားထုတ်ပြန်နိုင်ခဲ့သည်။

ယခုနှစ် ဂျီ-ဆဲဗင်း စက်မှုထိပ်သီး(၇)နိုင်ငံအစည်းအဝေးမှာ ထူးခြားမှုများနှင့် ပြည့်နှက်လျှက်ရှိသည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ ဂျပန် တို့ပါဝင်သော စက်မှုထိပ်သီး( ဂျီ-ဆဲဗင်း) ခုနစ်နိုင်ငံမှ ခေါင်းဆောင်များအပြင် အိမ်ရှင် ဂျပန်ဝန်ကြီးချုပ်သည် (Global South) ဟု ခေါ်တွင်သည့် အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကမှ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ခေါင်းဆောင်(၈)ဦး ကိုလည်း ဖိတ်ကြားခဲ့သည်။

ထိုနိုင်ငံများမှာ အိန္ဒိယ၊ ဘရာဇီး၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တောင်ကိုးရီးယား၊ ကိုမိုရို့စ်( အာဖရိက သမဂ္ဂနိုင်ငံများကိုယ်စား)၊ ကွတ်ကျွန်းစုနိုင်ငံ( ပစိဖိတ်ကျွန်းစုနိုင်ငံများကိုယ်စား) တို့ဖြစ်ကြသည်။

ဟီရိုရှီးမား ဂျီ ဆဲဗင်းထိပ်သီးအစည်းအဝေး​၏ အဓိက ဇာတ်ဆောင်တစ်ဦးမှာမူကား ယူကရိန်းသမ္မတ ဇီလန်းစကီးဖြစ်သည်။

ရုရှား နှင့် စစ်ပွဲဖြစ်ပွားနေသော နိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦး ထိပ်သီးညီလာခံသို့ ကိုယ်တိုင် တက်ရောက်လာခြင်းမှာ ယခုနှစ် ဂျီဆဲဗင်းထိပ်သီးအစည်းအဝေး​၏ အထူးခြားဆုံးဖြစ်ရပ်တစ်ခု ဖြစ်သလို ရုရှား​၏ ကျူးကျော်စစ်အပေါ် အဖွဲ့ဝင်နိုင်ငံအားလုံးက ယူကရိန်းဘက်မှ ထောက်ခံ အားပေးနေသည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ဇီလန်းစကီးသည် စနေနေ့က ဟီရိုရှီးမားသို့ ရောက်ရှိလာခဲ့ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ အစွမ်းထက် အက်ဖ်-၁၆ တိုက်လေယာဉ်များ ပေးပို့ရန် ကတိပေးလိုက်ပြီဖြစ်သည်။

ထိပ်သီးညီလာခံသို့ ဇီလန်းစကီး ရောက်လာကခြင်းမှာ ကြီးမားသော အလှည့်အပြောင်းတစ်ခု Game changer ဖြစ်သလို ငြိမ်းချမ်းရေးတည်ဆောက်ရန် နည်းလမ်းတစ်ခုဟု ပြင်သစ် သမ္မတ မေခရွန်က ပြောကြားလိုက်သည်။

ဟီရီုရှီးမား စက်မှုထိပ်သီးညီလာခံ​၏ အဓိက ဆွေးဆွေးပွဲအကြောင်းအရာမှာ ရုရှားအား စီးပွားရေးအရ ထပ်မံပိတ်ဆို့အရေးယူရေးနှင့် ယူကရိန်းအား ကူညီထောက်ပံ့ရေး ဖြစ်သလို ဒေသတွင်း စီးပွားရေး ဗိုလ်ကျ လွှမ်းမိုးလာသော တရုတ်ကို ဟန့်တားရေးဖြစ်သည်။

ယခုထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်မှာပင် ရုရှားက လပေါင်းအတန်ကြာအောင် ခုခံနေသော ယူကရိန်း​၏ ဘက်ခ်မွတ်မြို့ ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် ဟီရီုရှီးမား ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး တရုတ်​၏ စီးပွားရေး ဗိုလ်ကျလွှမ်းမိုးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြခဲ့သည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ တရုတ်က ကျေနပ်မှု မရှိကြောင်း နှင့် တရုတ်နိုင်ငံအား အပုပ်ချခြင်းသက်သက်ဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

စက်မှုထိပ်သီး(၇)နိုင်ငံအပြင် အိန္ဒိယ၊ ဘရာဇီး၊ ဩစတြေးလျ တောင်ကိုးရီးယား အစရှိသည့် နိုင်ငံများကလည်း တက်ရောက်လာသဖြင့် ခေါင်းဆောင်ချင်း တွေ့ဆုံဆွေးနွေးမှုများဖြင့် နားလည်မှု တည်ဆောက်နိုင်ခဲ့သည်။

ခု ထိပ်သီးအစည်းအဝေးတွင် အဓိက အကျိုးအမြတ်ရရှိခဲ့သူမှာ ဇီလန်းစကီးနှင့် ယူကရိန်းအရေးဖြစ်သည်။

NN-27

Ref: BBCWorld/CAN

ဆက်စပ် သတင်းများ