- Web Master
- ၂၉ နိုဝင်ဘာ ၂၀၂၃
ရက်အတန်ကြာအောင် တောမီးလောင်ကျွမ်းနေသော ဂရိနိုင်ငံ အရှေ့မြောက်ဘက် ကျေးရွာတစ်ရွာတွင် မီးကျွမ်းနေသော ရုပ်အလောင်း ၁၈ ခုအား မီးသတ်သမားများက အင်္ဂါနေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဥရောပတောင်ပိုင်းတွင် အပူလှိုင်းကျရောက်ပြီး တောမီးလောင်နေမှုကြောင့် အနီရောင်အဆင့် အရေးပေါ်အခြေအနေ ကြေညာထားရသည်။
ဂရိအရှေ့မြောက်ဘက် အေဗန်တပ်စ်ကျေးရွာတောင်ပိုင်းတွင် တွေ့ရှိရသော ရုပ်အလောင်းများသည် ရွှေ့ပြောင်းဒုက္ခသည်များ ဟုတ်မဟုတ် မီးသတ်များစုံစမ်းစစ်ဆေးနေသည်။
ဂရိနိုင်ငံ အီဗရိုစ်ဒေသသည် တူရကီမှတဆင့် ဥရောပသို့ ခိုးဝင်သူများ၏ လမ်းကြောင်းပေါ်တွင် ရှိနေသည်။
စပိန်၊ ပေါ်တူဂီ နှင့် အီတလီနိုင်ငံများတွင် မီးသတ်သမားများသည် လောင်ကျွမ်းနေသော တောမီးများကို အသည်းအသန် ငြိမ်းသတ်နေရသည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော ပူပြင်း ခြောက်သွေ့၊ လေပြင်းတိုက်ခတ်မှုများက တောမီးလောင်ကျွမ်းမှုကို ဖြစ်စေခဲ့သည်။
ဥရောပတောင်ပိုင်းတွင် ယခုရက်အတွင်း အပူချိန် ၄၀ ဒီကရီ ဆဲလ်စီးယပ်စ် အထိမြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
အမြင့်ဆုံးအပူချိန်စံတင်ခဲ့သည့် ဇူလိုင်လက ဂရိနိုင်ငံ၊ ရုဒ်ကျွန်းတွင် အပူလှိုင်းကျရောက်မှုကြောင့် လူပေါင်း ၂၀၀၀၀ ကိုရွေ့ပြောင်းပေးခဲ့ရသည်။
ဟာဝိုင်ယီ၊ မာအွီကျွန်းတွင် ယခုလအစောပိုင်းက တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၁၀ကျော် သေဆုံးခဲ့ပြီး ယခုတစ်ပတ်အတွင်း ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာဒေသတွင် အလျင်မြန်ဆုံးတောမီးကူးစက်လောင်ကျွမ်းမှုကြောင့် စစ်တပ်ချထားရသည်ဟုသိရှိရသည်။
NN-27
ref: the financial express