- Web Master
- ၀၈ ဧပြီ ၂၀၂၄
(ပင်လယ်ရေတွင် ရေဒီယိုသတ္တိကြွမှုပမာဏ သတ်မှတ်ချက်အောက်သာရှိ ဟု ဂျပန်ကပြောဆို)
ဂျပန်နိုင်ငံ ဖူကူရှီးမား နျူးကလီးယားဓါတ်ပေါင်းဖိုတွင် အသုံးပြုပြီးသော ရေများအား ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုကြောင့် ရေဒီယိုသတ္တိကြွဓါတ်များ ပျော်ဝင်ကာ ရေနေသတ္တဝါများ အဆိပ်သင့်နိုင်သည့် အတွက် ပြီးခဲ့သည့်ရက်များအတွင်း တောင်ကိုးရီးယား နိုင်ငံတွင် ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး တရုတ်နိုင်ငံကလည်း ဂျပန်ငါးများကို တင်သွင်းမှု ပိတ်ပင်ခဲ့သည်။
ဂျပန်နိုင်ငံသည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဖူကူရှီးမား နျူးကလီးယားဓါတ်ပေါင်းဖိုမှ အသုံးပြုပြီး စွန့်ပစ်ရေများကို ကြာသပတေးနေ့က ပစိဖိတ်ပင်လယ်ထဲသို့ ဖောက်ချခဲ့သည်။
ရေသတ္တဝါများအပေါ် အနုမြူရောင်ခြည်သင့်စေနိုင်သည့်အတွက် စိုးရိမ်မှုဖြစ်ပေါ်ကာ အိမ်နီးချင်း နိုင်ငံများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရစဉ် ဂျပန်နိုင်ငံက ဖူကူရှီးမား ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများကို ဓါတ်ခွဲစမ်းသပ်ကြည့်ရာ ရေဒီသတ္တိကြွမှုပမာဏမှာ သတ်မှတ်ထားသည်ထက် အလွန်နည်းပါးနေသည်ကို တွေ့ရှိရကြောင်း ဂျပန် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဖူကူရှီးမားအနီး နေရာ ၁၁ ခုမှ ရေနမူနာများကို ဓါတ်ခွဲစမ်းသပ်ကြည့်ရာ ရေတစ်လီတာတွင် ပါဝင်သည့် အနိမ့်ဆုံးရေဒီယိုသတ္တိကြွမှုအောက်မှုသာ ရှိပြီး သဘာဝပတ်ဝန်းကျင် နှင့် လူသားတို့အပေါ် ကျန်းမာရေးအရ တစ်စုံတရာ ထိခိုက်မှု မရှိနိုင်ဟု ဂျပန်ပတ်ဝန်းကျင်ဝန်ကြီးဌာနက ဆိုသည်။
ပတ်ဝန်းကျင်ဝန်ကြီးဌာနအနေဖြင့် အပတ်စဉ် ရေနမူနာ စမ်းသပ်ချက်ရလဒ်များကို သုံးလတိတိ ထုတ်ပြန်သွားမည်ဟု ဆိုသည်။
ဂျပန် ငါးလုပ်ငန်း အေဂျင်စီကလည်း ဖူကူရှီးမား အနီးတစ်ဝိုက် ပင်လယ်ငါးများတွင် ရေဒီသတ္တိကြွဓါတ် ပါဝင်မှု မတွေ့ရှိရဟု စနေနေ့က ပြောဆိုခဲ့သည်။ ref:CAN
ဓာတ်ပုံ- တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဆန္ဒပြကန့်ကွက်နေကြစဉ်။