- Web Master
- ၀၈ ဧပြီ ၂၀၂၄
မွေးဖွားနှုန်းကျဆင်းနေသော တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုရန် မက်လုံးပေးသည့် အနေဖြင့် အသက် ၂၅ နှစ်နှင့် ၂၅ နှစ်အောက် သတိုးသမီးနှင့် လက်ထပ်သည့် မင်္ဂလာစုံတွဲ တစ်ခုကို ဆုကြေးငွေ ယွမ် ၁၀၀၀ (ဒေါ်လာ-၁၃၇) ထောက်ပံ့ပေးမည်ဟု တရုတ်နိုင်ငံအရှေ့ပိုင်း ပြည်နယ်တစ်ခုက ကြေညာထားသည်။
ချန်ရှန်းပြည်နယ် တရားဝင် WeChat တွင် ဖော်ပြထားသည့် ကြေညာချက်အရ“ အသက်အရွယ်မှန် အိမ်ထောင်ပြုမှု နှင့် ကလေးမွေးဖွားမှု “ ကို တွန်းအားပေးရန် ယခုကဲ့သို့ ထောက်ပံ့ခြင်းဖြစ်ပြီး ကလေးရရှိသူများအတွက် ကလေးပြုစုစောင့်ရှောက်မှု၊ ကျွေးမွေးမှု နှင့် ပညာသင်စရိတ်များ ပါဝင်သည်ဟု သိရှိရသည်
သက်ကြီးရွယ်အိုများ အလျင်အမြန်တိုးပွါးလာခြင်းနှင့် ဆယ်စုနှစ် ခြောက်ခုအတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းလာမှုကြောင့် အာဏာပိုင်များသည် ကလေးမွေးဖွားနှုန်းမြင့်တက်လာစေရန် ငွေကြေးထောက်ပံ့ပေးခြင်းနှင့် ကလေးပြုစုစောင့်ရှောက်ရေးကို တွန်းအားပေး ဆောင်ရွက်လျှက်ရှိသည်။
တရုတ်နိုင်ငံ၏ တရားဝင် အိမ်ထောင်ပြုအသက်အရွယ်မှာ အမျိုးသားများအတွက် ၂၂ နှစ် နှင့် အမျိုးသမီးများအတွက် ၂၀ နှစ်ဖြစ်သော်လည်း အိမ်ထောင်ပြုသူ စုံတွဲများ လျော့နည်းလာနေသည်။
ပြီးခဲ့သည့်ဇွန်လက ထုတ်ပြန်ခဲ့သည့် အစိုးရစာရင်းအရ ၂၀၂၂ ခုနှစ်အတွင်း တရုတ်လူဦးရေ ၆ ဒဿမ ၈ သန်းသာ အိမ်ထောင်ပြုခဲ့ရာ ၁၉၈၆ နောက်ပိုင်း အနိမ့်ဆုံး လက်ထပ်နှုန်းဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က လက်ထပ်နှုန်းမှာ ၂၀၂၁ ခုနှစ်ထက် ၈၀၀၀၀၀ လျော့နည်းခဲ့သည်။
ကလေးပြုစုစောင့်ရှောက်မှုစရိတ် ကြီးမားလာခြင်းနှင့် အလုပ်အကိုင် ရပ်ဆိုင်းသွားခြင်းကြောင့် တရုတ်အမျိုးသမီးများ ကလေးယူရန် ဝန်လေးလာကြသည်။
အမျိုးသမီးများ ခွဲခြားဆက်ဆံခံရခြင်းနှင့် ရိုးရာအစဉ်အလာဓလေ့များအတိုင်း ကလေးပြုစု စောင့်ရှောက်ခြင်းများ တရုတ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွါးရေးအခြေအနေကျဆင်းလာမှုကလည်း လူငယ်များ အိမ်ထောင်ပြုရန် နှင့် ကလေးရယူရန် ဆန္ဒကင်းမဲ့လာရခြင်းအကြောင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
NN-27
Photo: The Guardian