တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အသစ်ထုတ်ဝေလိုက်သည့် တရုတ်နိုင်ငံမြေပုံတွင် အိန္ဒိယနယ်မြေများပါဝင်နေသည့်အတွက် အိန္ဒိယက ဒေါသပေါက်ကွဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 718

တရုတ်အစိုးရက ထုတ်ဝေလိုက်သည့် တရုတ်နိုင်မြေပုံသစ်ကြောင့် အိန္ဒိယနိုင်ငံတွင် မကျေနပ်မှုများ ဖြစ်ပေါ်နေပြီး နှစ်နိုင်ငံအကြား တင်းမာမှု ပိုမိုဆိုးရွားလာနေသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံ သဘာဝ အရင်းအမြစ် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်က အသစ်ထုတ်ဝေလိုက်သည့် တရုတ်နိုင်ငံမြေပုံတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် အရူနာချယ်ပြည်နယ် နှင့် ဒိုကလန် ကုန်းမြေမြင့်တို့ ပါဝင်နေပြီး တရုတ်နိုင်ငံ နယ်နမိတ်အတွင်း ထည့်သွင်းထားရေးဆွဲထားသည်ကို တွေ့ရှိရသည်။

 အရူနာချယ်ပြည်နယ်ကို တရုတ်က တိဗက်ဒေသ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ပြီး မြေပုံတွင်ထည့်သွင်းထားခြင်းဖြစ်သည်။ အဆိုပါနယ်မြေများမှာ တရုတ် နှင့် အိန္ဒိယကြား ပိုင်ဆိုင်မှု အငြင်းပွါးနေသော နယ်မြေများဖြစ်သည်။

 

အလားတူ တရုတ်သည် အိန္ဒိယကပိုင်ဆိုင်သည်ဟု ကြေညာထားသော အနောက်ဘက် Aksai Chin ဒေသကိုလည်း ၄င်းတို့ နယ်နမိတ်အတွင်း ထည့်သွင်း ရေးဆွဲထားသည်။

 

တရုတ်နိုင်ငံက ယခုကဲ့သို့ အငြင်းပွါးနေသည့် နယ်မြေများ ၄င်းတို့၏ မြေပုံထဲ ထည့်သွင်းထားမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ ဒီလို အခြေအမြစ်မရှိတဲ့ ထည့်သွင်းကြေညာမှုကို ကျွန်တော်တို့ ပယ်ချပါတယ်” ဟု ပြောဆိုခဲ့သည်။

 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ ဆူဘရာမန်ယမ်က တရုတ်၏မြေပုံသစ်ကို ပယ်ချလိုက်ပြီး “ အိန္ဒိယပိုင်နက် နယ်မြေတွေကို ဒီလို အဓိပ္ပါယ်မရှိ မြေပုံထဲ ထည့်သွင်းလိုက်ရုံနဲ့ တရုတ်နယ်မြေ ဖြစ်မသွားပါဘူး”ဟု ပြောဆိုလိုက်သည်။

 

အိန္ဒိယအတိုက်အခံပါတီခေါင်းဆောင် ရာဟူးဂန္ဒီကလည်း တရုတ်၏ထုတ်ပြန်ချက်ကို တုန့်ပြန်ရန် ဝန်ကြီးချုပ် မိုဒီကို တိုက်တွန်းခဲ့သည်။

NN-27

Ref:Dhaka tribune

ဆက်စပ် သတင်းများ