- Web Master
- ၂၉ နိုဝင်ဘာ ၂၀၂၃
ယူကရိန်းသမ္မတ ဇီလန်းစကီးက ကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။
ရက်ဇ်နီကော့ဗ်သည် ၂၀၂၂ခုနှစ်၊ ရုရှားတို့က ယူကရိန်းအား ကျူးကျော်မှု မစတင်မီ အချိန်ကပင် ယူကရိန်းကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သမ္မတ ဇီလန်းစကီး ညစဉ်ပြောကြားသည့် မိန့်ခွန်းများတွင် ကာကွယ်ရေးဝန်ကြီးဌာနကို ပုံစံသစ်ဖြင့် ချဉ်းကပ်ရန် အချိန်ကျနေပြီဟု ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ရာထူးအပြောင်းအလဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ရဇ်နီကော့ဗ်၏ နေရာတွင် နိုင်ငံတော်ပိုင်ဆိုင်မှု ရန်ပုံငွေဌာနအကြီးအကဲ ရပ်စ်တမ် အူမေရော့ဗ်နှင့် အစားထိုးရန် လျာထားသည်ဟု သိရှိရသည်။
“ ကာကွယ်ရေးဝန်ကြီးဌာနကို ချဉ်းကပ်မှုပုံစံသစ် အပါအဝင် စစ်ဘက် အရပ်ဘက် အပြန်အလှန် ထိတွေ့မှုရှိတဲ့ အခြားပုံစံသစ်တွေနဲ့ ပြောင်းလဲဖို့ လိုနေပြီလို့ ယုံကြည်တယ်” ဟု ဇီလန်းစကီးက မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။
ထုတ်ပယ်ခံရသော ကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်သည် လန်ဒန်တွင် ယူကရိန်းဆိုင်ရာ သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရဖွယ်ရှိသည်ဟု ယူကရိန်းမီဒီယာများက ခန့်မှန်းကြသည်။
အသက် ၅၇ နှစ်အရွယ်ရှိ ရက်ဇ်နီကော့သည် ယူကရိန်းစစ်ပွဲ စတင်ကတည်းက လူသိများ ထင်ရှားလာခဲ့သူဖြစ်သည်။
ယူကရိန်း၏ အနောက်အုပ်စုမဟာမိတ်နိုင်ငံများ နှင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးများသို့ ပုံမှန်တက်ရောက်ခဲ့သူဖြစ်ပြီး စစ်လက်နက်ပစ္စည်း ရရှိရေးအတွက် အကျိုးဆောင်ပေးခဲ့သူအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံရသူဖြစ်သည်။
ရက်ဇ်နီကော့ ရာထူးမှဖယ်ရှားခံရတော့မည်ဟု လွန်ခဲ့သည့်ရက်များကတည်းက သတင်းထွက်နေပြီး သူကိုယ်တိုင် အခြားရာထူး တစ်ခုအတွက် သမ္မတနှင့် တွေ့ဆုံပြောဆိုမှု ရှိခဲ့သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခုကဲ့သို့ အစိုးရအဖွဲ့တွင်း အပြောင်းအလဲပြုလုပ်မှုက ယူကရိန်းစစ်မြေပြင်၏ မဟာဗျူဟာကို အကြီးအကျယ် ပြောင်းလဲစေလိမ့်မည် မဟုတ်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ရက်ဇ်နီကော့ဗ် ထုတ်ပယ်ခံရခြင်းမှာ ဇီလန်းစကီးအစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ရက်ဇ်နီကော့ဗ်ကိုယ်တိုင် အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲမခံရသော်လည်း ကာကွယ်ရေး ဝန်ကြီးဌာနအတွင်း စစ်တပ်အတွက် လိုအပ်သော ကုန်စည်များ နှင့် လက်နက်ကိရိယာများ ဝယ်ယူရာတွင် မတန်တဆ စျေးနှုန်းဖော်ပြမှုအပါအဝင် အခြားခြစားမှု ပြဿနာများစွာရှိနေသည်ဟု သိရှိရသည်။
NN-27
ref:BBCWorld/AFP