တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရာဇဝတ်ဂိုဏ်းသားများ ကြီးစိုးလွှမ်းမိုးထားသည့် အကျဉ်းထောင်ကို စစ်သား ၁၁၀၀၀ စေလွှတ်ပြီး ဗင်နီဇွဲလားအစိုးရက ပြန်လည်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 868

ရာဇဝတ်ဂိုဏ်းသားများ ကြီးစိုးချုပ်ကိုင်ထားသည့် ဗင်နီဇွဲလား အကြီးဆုံးအကျဉ်းထောင်ကို ဗင်နီဇွဲလားအစိုးရက စစ်သား ၁၁၀၀၀ စေလွှတ်ပြီး ပြန်လည်ထိန်းချုပ်လိုက်ရသည်ဟု သိရှိရသည်။

နိုင်ငံမြောက်ပိုင်းရှိ တိုကိုရွန် အကျဉ်းထောင်သည် ထရန်းဒီ အာရာဂွါ ရာဇဝတ်ဂိုဏ်းကြီး​၏ ထိန်းချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာ ရောက်ရှိနေခဲ့သည်။

ရာဇဝတ်ဂိုဏ်းသားများသည် အကျဉ်းထောင်နှင့် ပတ်ဝန်းကျင်တွင် လွတ်လပ်စွာ သွားလာကျက်စားနေကြပြီး အကျဉ်းထောင်အတွင်း ဇိမ်ခံဟိုတယ်တစ်ခုကဲ့သို့ ရေကူးကန်၊ နိုက်ကလပ် နှင့် တိရိစ္ဆာန်ရုံအသေးစားပင် ထည့်သွင်းကာ နေထိုင်ကြသည်ဟု ဒေသခံမီဒီယာများက ဖော်ပြသည်။

အစိုးရအာဏာပိုင်များက အဆိုပါအကျဉ်းထောင်ရှိ အကျဉ်းသား ၆၀၀၀ ကို အခြား အကျဉ်းထောင်များသို့ ပြောင်းရွှေ့မည်ဟု ဆိုသည်။

အကျဉ်းထောင်အတွင်းတွင် အကျဉ်းသားမဟုတ်သူ အများအပြားသည် အကျဉ်းကျနေသူများနှင့်အတူ နေထိုင်လျှက်ရှိကြသည်။


အစိုးရအာဏာပိုင်များက အကျဉ်းသားများကို နေရာပြောင်းရွှေ့မည်ဟု ဆိုသောအခါ အချို့သော အကျဉ်းသားဆွေမျိုးများက ဘယ်နေရာရောက်မည်မသိရ၍ အော်ဟစ်ငိုကြွေးကြသည်ဟု ဆိုသည်။

" ကျွန်မယောင်္ကျားကို သူတို့ ဘယ်ခေါ်သွားမလဲ သိချင်လို့ စောင့်နားထောင်နေပါတယ်။ ကျွန်မ ဒီမှာနေတာကြာပြီ။ ခုတော့ သူတို့ အားလုံးကို ကန်ထုတ်လိုက်ကြပြီ" ဟု ဂလေဒီ ဟာနန်ဒက်ဇ်ဆိုသူ အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

လုံခြုံရေးအစောင့်များက မော်တော်ဆိုင်ကယ်၊ ရုပ်မြင်သံကြားစက် နှင့် မိုက်ကရိုဝေ့ဖ် မီးဖိုများကို ထောင်တွင်းမှ သယ်ထုတ်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု သတင်းထောက်များက ဆိုသည်။

ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးက အကျဉ်းထောင်ကို ပြန်လည်သိမ်းပိုက်ပြီး ရာဇဝတ်မှုများနှင့် အကောက်ကြံမှုမျိုးစုံပြုလုပ်နေသည့် စင်တာတစ်ခုကို ဖျက်သိမ်းပစ်နိုင်ခဲ့သည့် အရာရှိများအား ချီးကျူးဂုဏ်ပြုကြောင်း အိတ်စ် ( ယခင် တွစ်တာ) စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထရန်ဒီ အာရာဂွါ ဂိုဏ်းခေါင်းဆောင် ဟက်တာ ဂွါရေးရိုး ဖလိုးရက်စ် သည် လူသတ်မှု နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ထောင်ဒဏ် (၁၇)နှစ် ကျခံနေရသူဖြစ်သည်။

သို့သော် ဂွါရေးရိုးစ် ဖလိုရက်စ်သည် အလွန် အာဏာကြီးမားပြီး အချိန်ပြည့် အကျဉ်းသား အဖြစ် မရောက်ရှိမီက အကျဉ်းထောင်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနေသူတစ်ဦးဟု Window to Freedom အဖွဲ့မှ ညှိနှိုင်းရေးမှူး ကားလို့စ် နီးတိုက ပြောဆိုသည်။

 

NN-27

ref:bbcworld

ဆက်စပ် သတင်းများ