တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

ယူကရိန်းနှင့် ရုရှားအကြား ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်၍ အရပ်သား ၂၀ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 896

၂၀၂၃ ခုနှစ်ကုန်ဆုံးချိန်တွင် ရုရှား နှင့် ယူကရိန်းအကြား ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် အရပ်သား အများအပြား သေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့က ယူကရိန်းက ပစ်လွှတ်လိုက်သော ဒုံးကျည်များ ရုရှားအနောက်တောင်ပိုင်း ဘယ်လ်ဂိုရော့ဒ်မြို့သို့ ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၂၀ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ရုရှတို့က ပြောဆိုခဲ့သည်။

၎င်းပြင် ယူကရိန်းသည် အရပ်သားများကို ပစ်မှတ်ထား၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ဟု ကုလ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင် စွပ်စွဲပြောကြား လိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာစီလီ နီဗင်ဇာက ယူကရိန်သည် အရပ်သားများနေထိုင်သည့် မြို့ကို ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် လိုအပ်သလို အရေးယူရမည်ဖြစ်ကြောင်း ဘယ်လ်ဂိုရော့ဒ်မြို့ တိုက်ခိုက်ခံရသည့် အထောက်အထား ဗီဒီယိုလင့်ပါ ကျူအာကုဒ်ကို ကိုင်မြှောက်ပြသရင်း ပြောကြားခဲ့သည်။


ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ် ဆာဟီ ဗွန်နစ်ကလည်း ကရင်မလင်အာဏာရှင်တစ်ဦးကြောင့် ဖြစ်ပေါ်နေသည့် စစ်ပွဲရှိနေသမျှ အသက်ဆုံးရှုံးမှုများ တိုးပွားနေမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သောကြာနေ့ကပင် ရုရှားတို့​၏ ဒုံးကျည် နှင့် ဒရုန်းများကြောင့် ယူကရိန်းပြည်သူများ သေဆုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။

ကုလဆိုင်ရာ အမေရိကန်သံအမတ် ဂျွန်ကယ်လီက ရုရှားသမ္မတ ပူတင်ကို အဓိက အပြစ်တင်ဝေဖန်သွားသည်။

" ဒါဟာ ပူတင် ဖန်တီးလိုက်တဲ့ စစ်ပွဲပါ။ သူ့ရဲ့ ရွေးချယ်မှုပါပဲ" " ရုရှားက ဒီစစ်ပွဲကို ဒီနေ့ရပ်ရင် စစ်က ပြီးသွားပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့က ပဋိပက္ခတိုင်းရဲ့ နှစ်ဖက်စလုံးက အရပ်သားတွေကို အကာအကွယ်ပေးဖို့ပဲ တိုက်တွန်းလိုပါတယ်" ဟု ပြောဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ် သောမတ်စ် ဖစ်က အရပ်သားများအသက်ဆုံးရှုံးရမှုအတွက် ဗြိတန်က အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လွန်ခဲ့သည့် နှစ် နှစ်က ကျူးကျော်စစ် ဆင်နွှဲခဲ့သူ ရုရှားကို အပြစ်တင်သွားခဲ့သည်။

" ခုချိန်မှာ ရုရှားစစ်သား ထောင်ပေါင်းများစွာ ယူကရိန်းထဲ ရောက်နေကြတယ်။ ရုရှားနယ်မြေထဲမှာ ယူကရိန်းစစ်သားတစ်ယောက်မှ မရှိဘူး။ ရုရှားအရပ်သားတွေ သေဆုံးရလို့ တစ်ယောက်ယောက်ကို ရုရှားက အပြစ်ပုံချချင်တယ်ဆိုရင် ပထမဆုံးအပြစ်ပုံရမယ့်သူက သမ္မတ ပူတင်ပဲဖြစ်တယ်" ဟု သောမတ်စ် ဖစ်က ပြောကြားခဲ့သည်။


တစ်ဆက်တည်းမှာပင် " ရုရှားဟာ ယူကရိန်းစစ်တပ်ကို အနိုင်မရတဲ့အခါ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပဲဖြစ်တယ်" ဟု သူက ပြောကြားခဲ့သည်။

စနေနေ့က တိုက်ခိုက်ခံရသော ဘယ်လ်ဂိုရော့ဒ်မြို့မှာ ယူကရိန်နယ်စပ်မှ မိုင် ၂၀ အကွာတွင် တည်ရှိသော ရုရှားမြို့တစ်မြို့ဖြစ်သည်။

ဆိုရှယ်မီဒီယာများပေါ်တွင် တွေ့မြင်ရသော ဗီဒီယိုများအရ မြို့လယ်ခေါင်လမ်းပေါ်တွင် မီးလောင်ထားသော မော်တော်ကားများ နှင့် အပျက်အစီးများ၊ မီးခိုးလုံးများထွက်နေပြီး ကြီးမားသောပေါက်ကွဲသံများ ကြားကြရသည်။

ယခုတိုက်ခိုက်မှုမှာ ယူကရိန်းအား ရုရှားက ကျူးကျော်ပြီး နှစ်နှစ်တာအတွင်း ရုရှားမြေပေါ်တွင် အကြီးမားဆုံး တိုက်ခိုက်ခံရမှုတစ်ခုဟု ဆိုသည်။ ယူကရိန်းတို့သည် တိုက်ခိုက်မှုတွင် ဗီလ်ခါ ဒုံးပျံနှစ်စင်း ချက်နိုင်ငံလုပ် ဒုံးကျည်များ အသုံးပြုခဲ့သည်ဟု ရုရှားတို့ကဆိုသည်။

ဘယ်လ်ဂိုရော့ဒ်မြို့ တိုက်ခိုက်ခံရပြီး မကြာမီမှာပင် ဒီဇင်ဘာ ၃၁ ရက်မနက်ပိုင်းက ရုရှားတို့သည် ယူကရိန်း မြို့တော် ကိယက်ဗ် နှင့် ခါကိဗ်တို့အား ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ လူနေတိုက်ခန်းများ မီးလောင်နေသည်ကို တွေ့မြင်ရသည်။

NN-27

 ref: bbcworld/ afp

ဆက်စပ် သတင်းများ