ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

AAနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသည့် ထောင်အသီးသီးတွင် ကျန်ရှိနေသေးသူ ၇၀ ဦးခန့်ကိုလည်း ပြန်လွှတ်ပေးရန်လိုဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1k

သျှင်မင်းဇံ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၃/ ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုစွပ်စွဲခံရပြီးနောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူ ၄၆ ဦးသည် ယမန်နေ့က အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာခဲ့သော်လည်း AA နှင့် ဆက်စပ် သံသဖြင့် ဖမ်းဆီးခံထားရသူ ၇၀ ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးသဖြင့် သူတို့ကိုလည်း ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ် ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူလည်း ဖြစ်သည့် ဦးဖေသန်းက ပြောဆိုသည်။
“ဒီအပေါ်မှာ ULA/ AA နဲ့ တစ်စုံတစ်ရာ ညှိနှိုင်းမှုရှိမယ်လို့တော့ ကျနော်တို့ မြင်တယ်ပေါ့နော်။ ဗြုန်းစကြီးဖြစ်လာတဲ့ အကျိုးဆက်ဟာ အဲအပေါ်မှာ လွတ်လာတာကို ကျွန်တော်တို့က ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဒါက ကောင်းတဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်သွားနိုင်တာပေါ့။ ကျန်တဲ့သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ အဲလူတွေကိုလည်း သဘောမှန်ရင်တော့ လွတ်ပေးသင့်တယ်လို့ ယူဆပါတယ်” ဟု ဦးဖေသန်းက ပြောဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို နိုင်ငံရေးလိုအပ်ချက်အရ အသုံးမချသင့်ဘဲ စိတ်စေတနာကောင်းဖြင့် လွှတ်ပေးသင့်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
“ အခက်အခဲတစ်ခုခုဖြစ်ရင် သို့မဟုတ် သူတို့အနေနဲ့ လိုချင်တစ်ခုခုရချင်တဲ့ အချိန်ခါမျိုးမှာ အသုတ်လိုက် အသုတ်လွတ်ပေးတဲ့ ပုံစံတော့ မဖြစ်သင့်ပါဘူး။ တစ်သုတ်ပြီး တစ်သုတ်လွတ်တယ် ဆိုတာကတော့ သူတို့အနေနဲ့ နောက်ထပ် ဘယ်လိုအခက်အခဲတွေ တွေ့တဲ့အခါမှာ ဒါကို အသုံးချမယ်ပေါ့နော်။ အဲဒါတွေကတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံထားရသူများအကြား နိုင်ငံသားအခွင့်အရေးကို အညီအမျှ ရသင့်သည်ဟုလည်း ဦးဖေသန်းက ပြောဆိုသည်။
“ တချို့လွတ် တချို့ကို ဆက်ဖမ်းထားတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ အားလုံး နိုင်ငံသားအခွင့်အရေးကို ညီတူ ညီမျှ ရသင့်ပါတယ်။ မိသားစုတွေအတွက် နှစ်ကြာလာတာနဲ့အမျှ စားဝတ်နေရေး၊ အိမ်ထောင် ဦးစီးတစ်ယောက်မရှိတဲ့ အခါမှာ အခက်အခဲတွေ အများကြီး ကြုံလာရတာဖြစ်ပါတယ်။ လွတ်ပေးမယ်ဆိုရင် ULA/ AA နဲ့ ဆက်စပ်ပြီး တရားစွဲထားတဲ့ သူတွေ အားလုံးကို ဒီအချိန်မှာ လွတ်ပေးသင့်ပြီလို့ ကျနော်ဘက်က ရှုမြင်ပါတယ်” ဟု ပြောသည်။
နိုင်ငံရေးအရ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ဖြေလျော့ပေးခြင်းမျိုး၊ စေတနာမျိုးနှင့် လုပ်မည်ဆိုလျှင် ULA/ AA နှင့် ပတ်သက်၍ တရားစွဲထားသည့် သူများ အားလုံးကို လွတ်ပေးရမည်ဟု ဦးဖေသန်းက ပြောဆိုသည်။
ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘဲ ကျန်ရှိနေသူများတွင် ပုဏ္ဏားကျွန်း မြို့နယ် ကျောက်ဆိပ်ရွာသား ၅ ဦးအပါအဝင် စစ်တွေ အကျဉ်းထောင်မှ ၁၇ ဦး၊ သံတွဲအကျဉ်းထောင်မှ ၇ ဦး၊ ဘူးသီတောင် အကျဉ်းထောင်မှ ၅ ဦး၊ မြောက်ဦး အချုပ်ခန်းတွင် ၁၀ ဦးလောက်၊ ကျောက်ဖြူ အကျဉ်းထောင်မှ ၁၈ ဦး၊ ချင်းပြည်နယ် ပလက်ဝမှ ၁ ဦး၊ မန္တလေးမှ ၆ ဦးနှင့် ရန်ကုန်အင်းစိန် အကျဉ်းထောင်မှ ၆ ဦးတို့ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးသူ စာရေးဆရာဦးဝေဟင်အောင်၏ စာရင်းအရ သိရသည်။
၂ နှစ်ကျော်ခန့် ဖမ်းဆီးတရားစွဲခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာသားများမှာလည်း လွတ်လာမည်ဟု ယူဆကာ မျှော်နေခဲ့ကြောင်း၊ အမှုအတူတူသူများကသာ လွတ်မြောက်လာ၍ အလွန်းဝမ်းနည်မိသည်ဟု ကိုညီညီအောင်ဇနီး မခင်လှဝေက နိရဉ္စရာကို ပြောသည်။
“မလွတ်လာလို့ ပြောပါတယ်။ စိတ်မကောင်းပါ။ အမှုအတူတူမှာ မလွတ်လာဆိုတော့ စိတ်မှာ ခံစားရပါတယ်။ တခြားတော့ ပြောစရာမရှိဘူး။ သူများတွေ လွတ်လာတော့ လွတ်စေချင်တာပေါ့ ” ဟု ပြောသည်။
ယခုကျန်နေသူများမှာ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲဖြစ်စဉ် ကာလအတွင်း ULA/AAနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရပြီးနောက် ဖမ်းဆီးတရားရင်နေရသူများလည်းဖြစ်သည်။

ဆက်စပ် သတင်းများ