ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

PDF သံသယဖြင့် တရားစွဲခံထားရသည့် ကိုစိန်ချစ်တို့အမှုတွင် လာမည့်ရုံးချိန်း၌ သံတွဲမြို့မရဲစခန်းမှူးအား စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဖေဖော်ဝါရီ ၂၃ /၂၀၂၂
PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့အမှုတွင် လာမည့်ရုံးချိန်း၌ ရုံးခေါ်သက်သေအဖြစ် သံတွဲမြို့မရဲစခန်းမှူးအား စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွတ်တော်ရှေ့နေ ဒေါ် ဒေါ်သိင်္ဂီမောင်က နိရ ဉ္စရာသို့ ပြောသည်။
“အမှုစစ်ဖြစ်တဲ့ သံတွဲမြို့မရဲစခန်းမှူးကို ထပ်ပြီးတော့ ရုံးခေါ်သက်သေအနေနဲ့ စစ်ဆေးပေးပါဆိုပြီးတော့ မြို့နယ်ဥပဒေအရာရှိက လျှောက်ထားတာဖြစ်တဲ့အတွက် နောက်ရုံးချိန်းမှာ ရုံးခေါ်သက်သေအနေနဲ့ သံတွဲမြို့မစခန်းမှူးကို စစ်ဆေးဖို့အတွက် ချိန်းဆိုထားပါတယ်” ဟုပြောသည်။
ဦးစိန်ချစ်တို့အမှုအား လာမည့် မတ်လ ၃ ရက်အား ချိန်းဆိုထားကြောင်း သိရသည်။
ဦးစိန်ချစ်တို့အမှုတွင် ကျန်ရှိနေသေးသည့် လိုပြသက်သေတစ်ဦးဖြစ်သော မအူပင်စရဖတပ်ဖွဲ့မှ တပ်ကြပ်သူရဝင်းအား ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံး၌ Video Conferencing စနစ်ဖြင့် စစ်ဆေးခဲ့ပြီး လက်ရှိတွင် တရားလိုပြသက်သေ ၁၃ ဦးအား စစ်ဆေးပြီးစီးပြီးသွားပြီဖြစ်ကြောင်း သိရသည်။
PDF နှင့်ဆက်စပ်သည်ဟုဆိုကာ သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁ဝ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကိုလည်း အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့က လာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၄ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ