သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင် ရွေးကောက်ပွဲဆိုင်ရာအမှုဖြင့် စွဲချက်တင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1k

ထက်အောင်
နိရဥ္စရာ၊ မတ် ၃/ ၂၀၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့သည် ယနေ့တွင် စွဲချက်တင်ခံလိုက်ရကြောင်း သိရသည်။
သူတို့နှစ်ဦးကို စစ်တွေအကျဉ်းထောင်အထူးတရားရုံးတွင် ယနေ့ မတ်လ ၃ ရက်နေ့ရုံးချိန်း၌ စွဲချက်တင်သင့်မတင်သင့် နှစ်ဖက်ရှေ့နေများက လျှောက်လဲခဲ့ကြပြီးနောက် စွဲချက်တင်ခံလိုက်ရခြင်းဖြစ်ပြီး နောက်လာမည့် မတ်လ ၁၀ ရက်နေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသည့် သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက ပြောသည်။
“စွဲချက်လျှောက်လဲချက်ပေးတယ်။ အဲမှာပဲ စွဲချက်အမိန့်ချလိုက်ပါတယ်။ ပြန်ခေါ်သက်သေ စစ်မယ်ဆိုတာက တရားလိုနဲ့ လိုပြသက်သေတွေကို စစ်ဆေးသွားမယ့်သဘောပါ။ ကြားထဲမှာ မစစ်ဆေးလိုက်ရတာတွေလည်း ရှိတဲ့အတွက် ပြန်စစ်ဆေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ မဲသမာမှုကိစ္စရပ်များကို ပြုလုပ်သည်ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရာဇသက်ကြီး ဥပဒေပုဒ်မ ၁၃၀(က) ဖြင့် ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ယင်းအထဲမှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲဆိုခံခဲ့ရသည်။
သူတို့နှစ်ဦးကို အခြားဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျည်းထောင်အထူးတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ထိုအထဲတွင် ဦးညီပုကို ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ