ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ထောင် (၁၃)နှစ် ချမှတ်ခံထားရသည့် မြောက်ဦးဂုဏ်ကျွန်းမှလူငယ်တစ်ဦးက သူအားမေ့ပျောက်မထားကြရန်စစ်တွေထောင်ထဲကမေတ္တာရပ်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

မြထွီးသျှင်
နိရဉ္စရာ၊ ဧပြီ ၂၃/၂၀၂၂
လွတ်ငြိမ်းခွင့်ဖြင့်သော်လည်းကောင်း၊ ရက္ခိုင့်တပ်တော် ( AA) နှင့် ဆက်စပ်၍ အကြမ်းဖက်မှုနှင့် တရားစွဲဆိုထောင်ချထားသူများကိုသော်လည်းကောင်း လက်ရှိ စစ်ကောင်စီက ပြန်လည် လွှတ်ပေးနေသော်လည်း AA နှင့်ပတ်သက်၍ ထောင် (၁၃) နှစ်ထိ ချမှတ်ခံထားရသည့် မြောက်ဦးမြို့နယ် ဂုဏ်ကျွန်း ကျေးရွာမှ လူငယ်တစ်ဦးမှာ လွှတ်မြောက်လာခြင်း မရှိသည့်အပြင် သူနှင့်ပတ်သက်ပြီး အပြင်မှ လူပ်ရှားမှု အစအန တစုံတရာ မကြားရဘဲဖြစ်နေသဖြင့် သူ့အား မေ့ပျောက်မထားကြရန် စစ်တွေထောင်ထဲကနေ မေတ္တာရပ်ခံလိုက်သည်။
၎င်းလူငယ်မှာ ကျော်မင်းနိုင်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က မြောက်ဦးမြို့ အမှတ် (၅၄၀) တပ်ရင်းရှေ့တွင် ဖမ်းဆီးခံရသူဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဖမ်းဆီးပြီး ၃ ရက်အကြာ ဧပြီ ၂၁ ရက်နေ့တွင် သူ့အား စစ်တပ်မှ မြောက်ဦးမြို့မရဲစခန်းကို ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းနောက်သူ့အား စရဖအဖွဲ့က ရဲစခန်းက ပြန်လည်ခေါ်ထုတ်ပြီး သုံးရက်တိုင်တိုင် ရိုက်နှက် စစ်ဆေးခဲ့ကြောင်း၊ မြောက်ဦးမြို့နယ် တရားရုံးက ၎င်းအား ၁၅ ရက်တစ်ကြိမ်ဖြင့် နှစ်ကြိမ်ထိ ရုံးတက်ခဲ့ရပြီး မြောက်ဦးခရိုင်တရားရုံးသို့ ထပ်မံ လွှဲပြောင်းခံခဲ့ရသည်ဟု ဆိုသည်။
၎င်းနောက် ၂၀၂၀ ခုနှစ် ၈ ရက် ၁၁ လပိုင်းတွင်လည်း အချုပ်ခန်းထဲမှ ပြင်ပသို့ ခေါ်ယူပြီး မတရားမဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ဒဏ်ရာများ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
၎င်းအား မြောက်ဦးခရိုင် တရားရုံးက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် အကြမ်းဖက် ပုဒ်မက ၅၀(က)၊ ၅၂ (ဈ) တို့ဖြင့် ထောင် (၁၃) နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။
ကိုကျော်မင်းနိုင်မှာ လက်ရှိ စစ်တွေထောင်တွင်ရှိနေပြီး ၎င်းမှာ အေအေနှင့် ဆက်စပ်သည့် စွဲချက်ဖြင့် ထောင် ၁၃ နှစ်ထိ ချမှတ်ခံထားရသော်လည်း မည်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင်မှ မပါဝင်ဘဲ လူမသိ သူမသိရှိနေသဖြင့် သူ့အား မေ့မထားကြရန် နိရဉ္စရာသတင်းဌာနမှ တဆင့် မေတ္တာရပ်ခဲ့ခြင်း ဖြစ်သည်။
ကိုကျော်မင်းနိုင်၏ မိခင်ဖြစ်သူဒေါ်သန်းသန်းနုကလည်း သူမ၏သားကို တစ်ခြားသူများနည်းတူ တန်းတူ အခွင့်အရေး ရရှိစေလိုသည်ဟု ပြောသည်။
"မတွေ့ရတာလည်းသိပ်ကြာသွားပြီ၊ အကျိုးအကြောင်းလည်း တစ်ခုမှမသိရဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့်မရတော့ သွားမတွေ့တာတောင် သိပ်ကြာသွားပြီ။ အန်တီတို့ကလည်း သွားလာဖို့အခက်အခဲရှိတော့ ထပ်ပြီးသွားမတွေ့ဖြစ်ကြဘူး။ သူနေကောင်းလား၊ ဘာဖြစ်နေလဲ ဆိုတာလည်း မသိရဘူး။ ကျွန်မသား ကိုလည်း တစ်ခြားသူတွေ လွတ်သလိုမျိုး တန်းတူ လွတ်စေချင်ပါတယ်" ဟုပြောသည်။
ရခိုင်ပြည်နယ်ရှိ ထောင်အသီးသီးတွင် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ အနည်းဆုံး (၇၀) ခန့် ကျန်ရှိနေသေးကြောင်း လူမှုရေးလူပ်ရှားသူများ၏ ပြုစုထားသော စာရင်းများအရ သိရသည်။

ဆက်စပ် သတင်းများ