စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နေ့လယ်ပိုင်းထိ ရုံးထုတ်လာခြင်းမရှိသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

ချစ်အိလှိုင်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂ဝ၂၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သော်လည်း နေ့လယ် ၁၂ နာရီကျော်အထိ ရုံးထုတ်လာခြင်း မရှိသေးကြောင်း သိရသည်။

ညီပုကို ဖေဖော်ဝါရီ ၁ဝ ရက်နေ့ည ၁ဝ နာရီကျော်က ၄င်း၏ ဂွမြို့နယ်နေအိမ်မှ တပ်မတော်သားများက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်ပိုင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့်ထားကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်း၏ အတည်ပြု ပြောကြားချက်အရ သိရသည်။

ယင်းနောက် ယနေ့တွင် ဦးညီပုအား စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သော်လည်း နေ့လယ်  ၁၂ နာရီကျော်အထိ ရုံးထုတ်လာခြင်းမရှိသေးကြောင်း အမှုအားပါဝါယူရန် လိုက်ပါဆောင်ရွက်မည့် ရှေ့နေဦးငြိမ်းချမ်းကပြောသည်။

ကျွန်တော်တို့ အခုထိ ဘာတစ်ခုမှ မသိရသေးပါဘူး။ ရုံးလည်းမထုတ်သေးပါဘူး။ သူ့ကို ဘယ်မှာထားလည်း ဆိုတာလည်း မသိရသေးပါဘူး။ပါဝါယူဖို့စောင့်နေတာပါ။ တရားသူကြီးကတော့ မြို့နယ်တရားသူကြီး ဦးဝင်းနိုင်လို့သိရတယ် ဟု သူကပြောသည်။

လက်ရှိတွင် ၄င်းမှာ စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်အလာကို စောင့်ဆိုင်းလျက်ရှိနေကြောင်း ပြောသည်။

ဦးညီပု၏ မိသားစုဝင်များအား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်ရာ သမီးဖြစ်သူ မမိုးဆန်းစုကြည်က ၄င်းတို့အနေဖြင့် တစ်စုံတရာ သတင်းရရှိခြင်းမရှိသဖြင့် အခြေအနေအား မေးမြန်း စုံစမ်းလျက်ရှိကြောင်း ပြန်ဖြေကြားသည်။

ဦးညီပုအား ဖမ်းဆီးသွားသည့် ဖေဖော်ဝါရီ ၁ဝ ရက်နေကတည်းက မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသဖြင့်မိသားစုဝင်များအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က နိရဉ္စရာကမေးမြန်းစဉ် မမိုးဆန်းစုကြည်က ဖြေကြားထားသည်။

လက်ရှိတွင် ဦးညီပုကို စစ်တွေမြို့နယ်တွင် ထားရှိပြီး မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းကလည်း ပြောဆိုထားသည်။

 

ဆက်စပ် သတင်းများ