ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုစာရင်းထဲတွင် ဒေါ်အေးနုစိန်လည်းပါဝင်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

နိရဉ္စရာ၊ ဧပြီ ၂၀/ ၂၀၂၁
မြန်မာစစ်အာဏာသိမ်းကောင်စီတွင် ပါဝင်သည့် အရပ်သား နိုင်ငံရေးသမားများကို EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုစာရင်းထဲ ထည့်သွင်းလိုက်ရာ ထိုအထဲတွင် ရခိုင်နိုင်ငံရေးအမျိုးသမီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်လည်း ပါဝင်ကြောင်း VOA (မြန်မာပိုင်း)က သတင်းဖော်ပြသည်။
ဒေါ်အေးနုစိန်နှင့်အတူ အရေးယူ ဒဏ်ခတ်ခံရသူများမှာ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ စောဒယ်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးချစ်နိုင်( ချစ်နိုင် - စိတ်ပညာ) တို့ဖြစ်ကြသည်။
ဦးချစ်နိုင် (စိတ်ပညာ) တစ်ဦးသာ ပြန်ကြားရေးဝန်ကြီးဖြစ်ပြီး ကျန်သူများမှာ စစ်အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
၎င်းပြင် စစ်တပ်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုလည်း ဒဏ်ခတ်မည့် စာရင်းထဲတွင် ပါဝင်ပြီး ၎င်းတို့မှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ဖြစ်ကြောင်း သိရှိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသည့် လူပုဂ္ဂိုလ်အားလုံးမှာ မြန်မာ့ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားသွားအောင်လုပ်ဆောင်သည့် နေရာမှာ တာဝန်ရှိသည့် လူပုဂ္ဂိုလ်တွေဖြစ်သလို လူ့အခွင့်အရေးကို ချိုးဖောက်ပြီး ဆက်လက် ဖိနှိပ်သည့် နေရာတွင် ပါဝင်ပတ်သက်သူတွေဖြစ်ကြောင်း EU ကဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာဖော်ပြထားသည်ဟု VOA သတင်းတွင် ဆက်လက် ဖော်ပြသည်။
လက်ရှိ EU ဒဏ်ခတ်အရေးယူလိုက်သည့် စာရင်းတွင် လူပုဂ္ဂိုလ် ၃၅ ဦးနှင့် စီးပွါးရေးလုပ်ငန်းကြီးက ၂ ခုရှိသွားပြီဖြစ်ကြောင်း၊ ၎င်းလူပုဂ္ဂိုလ်များ အနေဖြင့် EU အဖွဲ့ဝင်နိုင်ငံများကိုလည်း ဝင်ရောက်ခွင့် မရှိသလို သူတို့၏ ပိုင်ဆိုင်မှုတွေလည်း ထိန်းချုပ်ခံထားရမှာဖြစ်ကြောင်း၊ ၎င်းအပြင် EU နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများကို လည်း တွဲဖက်လုပ်ကိုင်ခွင့် ပိတ်ထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ