ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လျှပ်စစ်မီးပြတ်တောက်နေ၍ တောင်ကုတ်မြို့မှဆန္ဒပြ၍ဖမ်းခံထားရသူ ၇ ဦးအမှု ယနေ့စစ်ဆေးနိုင်ခြင်းမရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မေ ၄/ ၂၀၂၁

 

တပ်မတော်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခြင်းခံထားရသည့် တောင်ကုတ်မြို့မှ ဦးမင်းအောင် အပါအဝင် တရားစွဲခံထားရသူ ၇ ဦး၏ အမှုအား ယနေ့ တွင် ဗီဒီယို Video Conferencing ဖြင့် ရုံးထုတ် စစ်ဆေးရန်ရှိသော်လည်း လျှပ်စစ်မီးပြတ်တောက်နေသဖြင့် စစ်ဆေးနိုင်ခြင်း မရှိကြောင်း သတင်းရရှိသည်။

 

ဦးမင်းအောင်၏ အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သိင်္ဂီမောင်က ဒီနေ့ မီးပြတ်နေတော့လေ အမှုက ဗီဒီယိုကောလ် (  Video call) နဲ့စစ်ဖို့ အဆင်မပြေလို့ ရုံးချိန်းနောက်တစ်ရက်ကို ပြန်ချိန်းလိုက်ပါတယ်။ ဒီနေ့ မစစ်လိုက်ရပါဘူး။ သူတို့အကုန်လုံးကို ဗီဒီယိုကောလ်နဲ့ စစ်မယ်ဆိုပြီး စီစဉ်ထားတာပါဟု ပြောသည်။

 

အဆိုပါ ၇ ဦးမှာ တောင်ကုတ်မြို့ မှ NLD ပါတီမြို့နယ် ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ ပါတီဝင် ဦးသန့်ဇင်ဖြိုး၊ ဦးချစ်မောင်မောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်၊ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုတွဲဘက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းတို့ဖြစ်ကြသည်။

 

၄င်းတို့ကို Video Conferencing ဖြင့် ယနေ့ စစ်ဆေးရန်ရှိရာ  ယနေ့ နေ့လယ် ၂ နာရီခန့်က မြန်မာတစ်နိုင်ငံလုံး အနေအထားဖြင့် လျှပ်စစ်မီးများ ပြတ်တောက်နေသည့်အတွက် ၄င်းတို့၏ အမှုများအား မစစ်ဆေးခဲ့ရခြင်း ဖြစ်သည်။

 

သူတို့ အမှုက တရားလိုပြသက်သေတွေ စစ်ဆေးတဲ့ အဆင့်ကိုပဲ ရောက်နေပါတယ်။ တရားလိုတွေကို နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးပါလိမ့်မယ်ဟု သူမက ပြောဆိုသည်။

 

်း ALD ဗဟိုတွဲဘက် အတွင်းရေးမှူး ဦးကျော်ကျော်လင်း၏ အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်မောင်ဌေးက  သူတို့ကို ကျန်းကျန်းမာမာတွေ့လိုက်ပါတယ်။ ဒီနေ့ မီးပြတ်သွားတဲ့အတွက် အမှုကိုတော့ မစစ်လိုက်ရပါဘူး။ အမှုက တရားလိုပြသက်သေကို စစ်ဆေးနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ၁၈ ရက်နေ့ကို သူတို့ကို ပြန်ချိန်းလိုက်ပါတယ်။ဟု ပြောသည်။

 

ဦးကျော်ကျော်လင်းနှင့် ကိုမင်းလှိုင်ထွန်း၊ ကိုဇာနည်ထူးထူးတို့ (၃) ဦးမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခြင်းခံခဲ့ရသည်။

 

ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သူတို့အား တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုဦးစီး ဦးမောင်ထွီးခိုင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားခဲ့ကြောင်း သိရသည်။

 

ဦးမင်းအောင်၊ ဦးသန့်ဇင်ဖြိုး၊ ဦးတင်သိန်းအောင်တို့ (၃) ဦးမှာလည်း တပ်မတော် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုချစ်မောင်မောင်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ဦးမင်းအောင်၊ ဦးသန့်ဇင်ဖြိုးနှင့် ဦးတင်သိန်းအောင်တို့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ (၂၅)၊ ငြိမ်းစုစီ ပုဒ်မ (၁၉) တို့ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး၊ ကိုချစ်မောင်မောင်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုခြင်းခံထားရကြောင်း သိရသည်။

 

လက်ရှိတွင် ဦးမင်းအောင်မှာ ခလရ (၅၄၄) တပ်ထဲတွင် ထိန်းသိမ်းခြင်းခံထားရကာ ဦးသန့်ဇင်ဖြိုးမှာမှု ကျန်းမာရေးမကောင်းသည့်အတွက် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က အာမခံဖြင့် ပြင်ပမှ အမှုအားရင် ဆိုင်နေရကာ ကျန် ၅ ဦးမှာ တောင်ကုတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းခြင်းခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ