သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုအမှုအား ဇူလိုင်(၉) ရက်နေ့ စွဲချက်အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 6.2k


ထက်အောင်
နိရဉ္စရာ၊ ဇွန် ၂၅/ ၂၀၂၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး စွဲချက်တင်သင့်/ မတင်သင့် လျှောက်လဲချက်အား ကြားနာခဲ့ကာ လာမည့် ဇူလိုင်လ ၉ ရက်နေ့၌ စွဲချက်တင်သင့်/ မတင်သင့် အမိန့်ချသွားမည်ဖြစ်ကြောင်း ဦးညီပုရှေ့နေထံမှ သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ အမှုအား လိုက်ပါ ဆောင်ရွက် နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “ တရားလိုဖက်က လျှောက်လဲချက် ပေးတာကတော့ ဦးညီပုအမှုကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီကနေပြီးတော့ အာဏာသိမ်းတဲ့ စစ်ကောင်စီအစိုးရ ညွှန်ကြားချက် ဥပဒေအမိန့်တွေဟာ တရားမဝင်ဆိုပြီး ကြေညာချက်ထုတ်တဲ့အတွက် အဲဒီကြေညာချက်ဟာ အများပြည်သူနဲ့ နိုင်ငံတော်ကို အကြည်အညိုပျက်စေတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး လျှောက်လဲချက်ပေးတယ်။ ကျနော်တို့ဖက်က လျှောက်လဲချက်ပေးတာကတော့ ဦးညီပုဟာ (၂) လပိုင်းကတည်းက ဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက် ဖေဖော်ရီလ ၁၃ ရက်နေ့က NLD က ထုတ်ပြန်တာဟာ သူဖမ်းဆီးခံထားရတဲ့အချိန်မှာဖြစ်တဲ့အတွက် သူနဲ့မသက်ဆိုင်ဘူး။ ဒါကြောင့် ဦးညီပုဟာ နိုင်ငံတော်ကို အကြည်အညို ပျက်စေတဲ့ လုပ်ဆောင်ချက်မျိုး မရှိဘူး။ အဲဒါကြောင့် ဦးညီပုကို လွှတ်ပေးဖို့ လျှောက်လဲခဲ့ပါတယ်။ ဥပဒေ အရာရှိကလည်း စွဲဆိုထားတဲ့ ပုဒ်မနဲ့ စွဲချက်တင်ဖို့ လျှောက်လဲချက်ကို စာနဲ့ပေးခဲ့ပါတယ် ” ဟု ရုံးချိန်း၌ လျှောက်လဲချက် အခြေအနေအား ဦးညီပု၏ ရှေ့နေက ရှင်းပြသွားခြင်းဖြစ်သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို လာမည့် ဇူလိုင်လ ၉ ရက်သို့ ထပ်မံရုံးချိန်းလိုက်ပြီး ထိုရုံးချိန်း၌ စွဲချက်အမိန့်ချသွားမည်ဖြစ်ပြီး လက်ရှိတွင် ဦးညီပုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် စစ်တွေတပ်နယ်အတွင်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရှေ့နေကပြောသည်။
“ ဦးညီပုရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းတာကိုတွေ့ရပါတယ်။ နောက်ပြီး သူ့ကို ဖုန်းအသုံးပြုခွင့်ပေးထားတယ်လို့ စစ်တပ်က အရာရှိတစ်ယောက်က ပြောတယ်။ သူအရင်က ကိုင်ခဲ့တဲ့ သူ့ကိုယ်ပိုင် ဖုန်းလို့တော့ ပြောတယ်။ မိသားစုဖက်ကလည်း ဦးညီပုအမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ခုခံချေပသွားဖို့ကို ပြောဖြစ်ပါတယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။
မူလက ဦးညီပု၏ ရှေ့နေများဖက်မှ သူ့ကိုလူကိုယ်တိုင်ရုံးထုတ်စစ်ဆေးပြီး ဦးညီပုသည် နိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် နိုင်ငံသားတစ်ဦး၏ ဥပဒေပါအခွင့် အရေးကို ရထိုက်ကြောင်းနှင့် သူ့ကို Video Conferencing မစစ်ဆေးနိုင်ကြောင်း ကန့်ကွက်လွှာများ တင်သွင်းခဲ့သော်လည်း တရားရုံးက ဆက်လက်စစ်ဆေးခဲ့ခြင်းကြောင့် အစပိုင်းတွင် အပြန်အလှန်မေးခွန်းများ မေးမြန်ခြင်းမပြုခဲ့သော်လည်း နောက်ပိုင်းတွင် အပြန်အလှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက ဂွမြို့ရှိ သူ့နေအိမ်က စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ထို့နောက် သူ့ကို စစ်တွေမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက စစ်တွေမြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုခံထားရကာ လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။
ဦးညီပုအား တရားစွဲဆိုထားသည့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပေဒေ ပုဒ်မ ၅၀၅ (ခ) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂) နှစ်အထိ ကျခံနိုင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ