ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဂျပန်မှ ပြန်လာသည့်ရခိုင်လူမှုရေးအသင်း(ဂျပန်)မှ ဥက္ကဋ္ဌဟောင်း ဦးကျော်သန်းလှိုင် ရန်ကုန်လေဆိပ်တွင်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၆/ ၂၀၂၁
ဂျပန်နိုင်ငံတွင် ဂျပန်ရောက်ရခိုင်လူငယ်များဖြင့်ဖွဲ့စည်းထားသည့် ရခိုင်လူမှုရေးအသင်း(ဂျပန်)မှ ဥက္ကဋ္ဌဟောင်း ဦးကျော်သန်းလှိုင် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည်ဟု သတင်းရရှိသည်။
၄င်းမှာ ဇွန်လ ၂၄ ရက်နေ့ ဂျပန်စံတော်ချိန် နံနက် ၆ နာရီက မြန်မာနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး မြန်မာနိုင်ငံထဲသို့အဝင် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“သူက ဂျပန်က မနက် ၆ နာရီမှာ ထွက်သွားတယ်။ မြန်မာနိုင်ငံကို မနက် ၉ နာရီမှာ ရောက်တယ်။ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့နဲ့ အဆက်သွယ်ပြတ်သွားခဲ့တယ်။ အမှန်က တပ်မတော်သားတွေက ဖမ်းသွားတယ်။ အစိုးရကဖမ်းသွားတယ်ပေါ့။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုလည်း မသိရသေးဘူးပေါ့။ အဖမ်းခံရတာကို ကျွန်တော်တို့ အတည်ပြုပါတယ်” ဟု ပြောသည်။
ဦးကျော်သန်းလှိုင်အား မည်သည့်အကြောင်းအရာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း သူ၏ဇနီး ဒေါ်စိုးမိုးအေးက ပြောသည်။
“သူ အဲဒီနိုင်ငံက ထွက်လာတုန်းက သူလာပြီဆိုတာကို ပြောတယ်။ မနေ့က ဂျပန်ကလာမယ်ပေါ့။ နောက်တစ်နေ့ မနက် ကိုးနာရီကျော်ဝန်းကျင်လောက်မှာ ရောက်မယ်လို့ သူက ပြောခဲ့ပါတယ်။ ရောက်ဖို့ပြောပြီးတော့ ကျွန်မဆီကိုလည်း ဖုန်းမလာဘူး။ နောက်တော့ ဖေ့စ်ဘုတ်ပေါ်မှာ ကျွန်မယောက်ျားအဖမ်းခံရတယ်ဆိုတဲ့သတင်းတက်လာပါတယ်။ အခုအထိတော့ သတင်းအစန မရသေးပါဘူး။ ဘယ်နေရာမှာရှိလို့ ဘယ်လိုဖြစ်နေပြီလဲ မသိရပါဘူး။” ဟု ပြောသည်။
ဦးကျော်သန်းလှိုင်ကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်ဟုလည်း သတင်းများ ထွက်ပေါ်နေကြောင်း သူမက ဆက်ပြောသည်။
ဦးကျော်သန်းလှိုင်၏ ဇာတိမှာ စစ်တွေမြို့ဖြစ်ကြောင်း သိရသည်။
၄င်းမှာ ဂျပန်ရောက်ရခိုင်လူငယ်များနှင့်စုပေါင်းကာ ဂျပန်နိုင်ငံအတွင်း ရခိုင်အရေး တက်ကြွလှုပ်ရှားမှုများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သူတစ်ဦးလည်းဖြစ်သည်။

ဆက်စပ် သတင်းများ