သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရဟု သတင်းထွက်လာပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 470

ချစ်အိလှိုင်၊ ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၃ဝ/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်ကို ယနေ့ ဇွန်လ ၃ဝ ရက်နေ့ နေ့လယ်ခန့်က စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအနီးတွင် အမည်မသိလူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။
ဦးအေးထွန်းမောင်၏ ဖုန်းမှာ အဆက်အသွယ်မရတော့သဖြင့် ဖမ်းဆီးခံရသည်ဆိုသည့် သတင်းမှာ ဟုတ်မှန်နိုင်ကြောင်း သားဖြစ်သူ ကိုနေမျိုးဦးက ပြောသည်။
“သူ့ဖုန်းလည်း မကိုင်ဘူး။ အဖမ်းခံရတာ ဖြစ်နိုင်ဖို့ များနေပါတယ်။ ကျွန်တော်လည်း မြို့ထဲကို ရောက်နေလို့ပါ။ အမေ့ကိုလည်း တိုက်ရိုက်မေးလိုက်လို့မရဘူး။ အမေကနေမကောင်းတော့။ ဒီနေ့ အစည်းအဝေးရှိလို့ ထွေအုပ်ရုံးကို ဆိုင်ကယ်နဲ့ သွားတဲ့အခါ လမ်းမှာ အဖမ်းခံရတယ်လို့ ကြားပါတယ်။ အစည်းအဝေးတက်ဖို့သွားတာပါ။ အစည်းအဝေးကိုလည်း မရောက်ဘူးလို့သိရတယ်။ ရွာမှာက အဖေနဲ့ မတည့်တဲ့ လူငယ်တချို့ရှိတယ်။ သူတို့များလားမသိဘူး။ အခုဘယ်အဖွဲ့က ဖမ်းသွားတာလည်း ဆိုတာကလည်း အတိအကျပြောဖို့ ခက်တယ်။ မေးမြန်းဖို့ခေါ်သွားတယ်ဆိုရင်လည်း လွတ်လာဖို့မျှော်လင့်တယ်” ဟု သားဖြစ်သူက ပြောသည်။
ဖခင်ဖြစ်သူ ဖမ်ဆီးခံရသည်ကို ဖေ့စ်ဘုတ်တွင်တွေ့ရှိရာမှ သိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ဦးအေးထွန်းမောင်၏ ယောက်ဖလည်းဖြစ် အောင်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သူ ဦးမောင်မြစိန်က “ ဦးလေးကိုလည်း တစ်ယောက်ကလာမေးလို့သိရတာပါ။ ဖမ်းဆီးခံရတယ် ဆိုပြီးတော့ပေါ့။ ဦးလေးက ရွာမှာလည်း မရှိနေတဲ့အတွက် အခြေအနေအသေးစိတ်ကို မသိသေးပါဘူး” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်အား နိရဥ္စရာသတင်းဌာနအား မေးမြန်းရာ ထိုကိစ္စအား ၄င်းတို့အနေဖြင့် စုံစမ်းနေကြောင်း ပြောသည်။
စစ်တွေမြို့၊ အိုးတန်းရပ်ကွက်တွင်လည်း ရခိုင်မျိုးချစ်ပါတီ (APP) ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်း အားလည်း လက်နက်များကိုင်ဆောင်ထားသူတစ်စုက ဇွန်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက မှန်လုံ ကားငယ်တစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အလားတူ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အမျိုးမျိုးသော စာများရေးသား၍ လူသိများလာသူ ဦးအေးထွန်း အားလည်း ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီခန့်က အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆက်စပ် သတင်းများ