ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဂျပန်မှအပြန် ရန်ကုန်လေဆိပ်တွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရခိုင်လူမှုရေး အသင်း(ဂျပန်)ဥက္ကဋ္ဌဟောင်း ကိုကျော်သန်းလှိုင် ပြန်လွတ်လာပြီးနောက် စစ်တွေသို့ ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 5k


ထက်အောင်
နိရဉ္စရာ၊ ဇွန် ၃၀/ ၂၀၂၁
ဂျပန်မှ ပြန်လာပြီး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဋ္ဌဟောင်း ကိုကျော်သန်းလှိုင်သည် ၅ ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာပြီးနောက် ယနေ့ နေ့လယ် ၂ နာရီဝန်းကျင်ခန့်၌ လေယာဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိလာကြောင်း သတင်းရရှိသည်။
စစ်တွေမြို့သို့ ရောက်ရှိလာသည့် ကိုကျော်သန်းလှိုင်က “ အစဆုံးဖမ်းဆီးခံရတဲ့ နေ့မှာတော့ ကျွန်တော်ကို စစ်ဆေး မေးမြန်းပါတယ်။ နောက်တစ်နေ့ မနက်မိုးလင်းတာနဲ့ စစ်ဆေးမှု သိပ်မရှိ တော့ဘူး။ လေးရက်မြောက်နေ့ ရောက်လာတဲ့အခါမှာတော့ လက်ထိပ်တွေ ဖြုတ်ပေးတယ်။ အစ်ကိုကို တစ်စုံတစ်ခု အန္တရာယ်မဖြစ်စေဘဲ ပြန်လွှတ်ပေးဖို့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြား ဆက်သွယ် နေတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက တစ်ဆင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီကို တောင်းဆိုတယ်။ အဲဒါကြောင့် သူတို့ကလည်း လွတ်ပေးလိုက်တာ ဖြစ်ပါတယ်” ပြောသည်။
သူလွတ်မြောက်သည့် ဇွန် ၂၉ ရက် ညနေပိုင်း ၈ နာရီ၌ စရဖတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့၊ လှိုင်သာယာ၊ မကွေးလမ်းတွင်ရှိသည့် အစ်မဖြစ်သူ၏ နေအိမ်သို့ ကားဖြင့်လိုက်ပို့ပေးခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော့်အတွက်ရော မိသားစုအတွက်ပါ အများကြီးနစ်နာမှုရှိပါတယ်။ အမေဆိုရင် ကျွန်တော် အဖမ်းခံရတဲ့ နေ့က မျက်ရည်နဲ့ မျက်ခွက်ပါပဲ။ ဘယ်အချိန်မှာ လွတ်မြောက်လာမလဲ မသိဘူးဆိုပြီး ငိုရှာတယ်။ ကျွန်တော့်ကို ဖမ်းသွားတယ်ဆိုရင် သက်ဆိုင်တာဝန်ရှိသူတွေက မိသားစုကို သတင်းပို့ရမယ့် တာဝန်ရှိပါတယ်။ အစိုးရတစ်ရပ်ရဲ့ တာဝန်အရ သူတို့ဖမ်းဆီးထားကြောင်း မိသားစုကို အသိမပေးတဲ့အခါ ဒါက နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ အဲလို မလုပ်သင့်လို့လည်း ကျွန်တော်အနေနဲ့ ယူဆပါတယ်” ဟု ပြောသည်။
သူ့ကို ဖမ်းဆီးသွားသူများမှာ စရဖ တပ်ဖွဲ့ဝင်များဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် သူအားမျက်နှာဖုံးစွပ်ကာ ခါးပေါ် သေနတ်ထောက်လျှက် စစ်ဆေးစရာ ရှိကြောင်း ပြောဆိုပြီး ဖမ်းဆီးခေါ်ဆောင် ခံရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
သူဖမ်းဆီးခံရသည့်နေ့တွင်လည်း အဓိကအားဖြင့် အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) ကိစ္စနှင့် ပတ်သက်ကာ မေးမြန်းပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်ပြီးလည်း မေးမြန်းခံရကြောင်း ကိုကျော်သန်းလှိုင်က ဆက်လက် ပြောဆိုသည်။
ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်အား ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ဂျပန်နိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့်ပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဓာတ်ပုံ- ကိုကျော်သန်းလှိုင်ကို စစ်တွေလေဆိပ်တွင်တွေ့ရစဥ်/ ခိုင်အောင် ဖေ့စ်ဘုတ်စာမျက်နှာ)

ဆက်စပ် သတင်းများ