သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

NUG မှ တစ်နှစ်တာလူသားချင်းစာနာထောက်ထားမှု ကျပ် ၂.၇၃ ဘီလီယံ ခွဲဝေရာတွင် ရခိုင်အတွက်ကျပ်တစ်သိန်းသာအသုံးပြုခဲ့မှုမှာ ဒေသလိုအပ်ချက်အရ ကွာခြားမှုဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

အေးမြတ်ခိုင်
နိရဥ္စရာ ၊ဧပြီ ၂၃/၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ကျပ် ၂.၇၃ ဘီလီယံ ခွဲဝေပေးရာတွင် ရခိုင်ပြည်နယ်အတွက် ၀.၁ဝသန်း (တစ်သိန်းကျပ်) သာခွဲဝေ အသုံးပြုခဲ့ခြင်းမှာ လတ်တလောတိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် အရေးပေါ်လူသားချင်းစာနာမှု လိုအပ်နေသော နေရာများကို ကူညီနေရခြင်း ဖြစ်သည့်အတွက် ငွေကြေးခွဲဝေမှုရာနှုန်းများက ဒေသလိုအပ်ချက်အရ ကွာခြားမှုကြောင့် ဖြစ်သည်ဟု NUG က ပြောဆိုသည်။
“ NUG အစိုးရက တော်လှန်ရေးကာလအစိုးရဖြစ်ပါတယ်၊ ဒါကြောင့် ဒီဝန်ကြီးဌာနစဖွဲ့ကတည်းက လူသားချင်းစာနာကူညီဖို့နဲ့ ဘေးတုံ့ပြန်ဖို့ ဆိုပြီးလုပ်နိုင်တာကိုမူဝါဒတွေချမှတ်ဆောင်ရွက်တာပါ၊ ဒီနေရာမှာ လက်ရှိအခြေအနေအရ၊ စစ်တပ်ရဲ့ မတရားရက်စက်ကြမ်းကြုတ်မှုကို ခံနေရတဲ့ နေရပ်စွန့်ခွာ ပြည်သူတွေနဲ့ ဒုက္ခခံစားနေရသူတွေကို ဦးစားပေး ကူညီထောက်ပံ့ဖို့ မူဝါဒ ချမှတ်ဆောင်ရွက်ရပါတယ်၊ လုပ်ငန်း အကောင်အထည်ဖော်ရာမှာတော့ Federal စနစ်ကိုဦးတည်ပြီး ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီနဲ့လက်တွဲဆောင်ရွက်ပါတယ်/ ဒီကော်မတီဖွဲ့ဖို့ ညှိနှိုင်းရာမှာ အခြေအနေအရ ရခိုင်ပြည်နယ်အတွက်ပါ အရေးပေါ် စစ်ဘေးဒုက္ခသည်ရှိလာရင် လက်တွဲ ကူညီနိုင်မယ့် ကိုယ်စားလှယ် ပါဝင်ပါတယ်။ တစ်နိုင်ငံလုံး အနေနဲ့ ပေးတဲ့ထောက်ပံ့မှု ၃၀၉. ၁၉ သန်းထဲမှာ သီးသန့် မှတ်ချက် မပြုထားပေမယ့် ရခိုင်ဘက်က သူတွေအတွက်ပါနေတာ ရှိပါတယ်။ လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ အရေးပေါ်လူသားချင်းစာနာမှု လိုအပ်နေတဲ့နေရာတွေကို ကူညီနေတာ ဖြစ်လို့ ရာနှုန်းတွေက ဒေသ လိုအပ်ချက်အရကွာခြားတာပါ”ဟု နိရဉ္စရာသတင်းဌာနမှ စာဖြင့် မေးမြန်းချက် အပေါ် ထိုသို့ ဖြေဆိုသွားခဲ့သည်။
အမျိုးသားညီညွတ်ရေး အစိုးရ၏တစ်နှစ်အတွင်း လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ အစီရင်ခံစာ အကျဉ်းချုပ်တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ကျပ် ၂.၇၃ ဘီလီယံ ခွဲဝေပေးရာတွင် ရခိုင်ပြည်နယ်အတွက် ၀.၁ဝသန်း (တစ်သိန်းကျပ်) ဖော်ပြထားသည်။
ယင်းအစီရင်ခံစာတွင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းအားလုံးကို ထောက်ပံ့ထားပြီး ကရင်ပြည်နယ် (၆၁၅.၈၀ သန်း)၊ စစ်ကိုင်းတိုင်း(၄၁၁.၉၈ သန်း)၊ ကရင်နီပြည်နယ် (၂၈၁.၂၅သန်း) နှင့် ချင်းပြည်နယ်တို့ကို အများဆုံးကူညီထားသည်ကို တွေ့ရသည်။
ဆက်လက်ပြီး ရက္ခိုင့်တပ်တော် (AA) က လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲတွင် လက်နက်ကိုင်တိုက်ရာ၌ ကိုယ်တိုင် မပူးပေါင်း မပါဝင်သည့် အတွက် လူသားချင်းအကူအညီတွေကို လျော့ချလိုက်တာပါလား ဟု နိရဉ္စရာကမေးမြန်းရာ NUG က ယခုလို ဖြေဆိုသည်။
“ AA နှင့် NUG ဟာစစ်အာဏာရှင်အမြစ်ပျက်အောင်လွတ်လပ်မှုရရှိအောင် တော်လှန် တိုက်ပွဲ ဝင်နေကြတဲ့ သွေးချင်းတွေဖြစ်ကြပါတယ်။ ရခိုင်ပြည်နယ်မှာ NGO CSO CBO တွေက ခိုင်ခိုင်မာမာ ရှိပြီး ဆက်အလုပ်လုပ်နေနိုင်တဲ့ နယ်မြေအနေအထားလည်း ရှိနေပြီး ဖြစ်လို့ပါ၊ လူသားချင်းစာနာမှု အကူအညီက လူမျိုး ဘာသာ မခွဲခြားဘဲ လိုအပ်ချက်အပေါ်မှာပဲ မူတည် ပေးပါတယ်လို့ ဝန်ကြီးဌာန မူဝါဒမှာ ပါပြီးသားပါ”ဟု ဖြေဆိုသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်အား ခွဲဝေပေးမှု အနည်းဆုံးဖြစ်သော်လည်း ခွဲခြားမှု မရှိကြောင်း၊ ယုံကြည်မှု တည်ဆောက်ရေးအတွက်လည်း ကြိုးစားနေကြောင်း NUG က ပြောဆိုသည်။
“ NUG က ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ဖို့ သွားနေတာ ဖြစ်ပါတယ်။ ခွဲခြားမှုမရှိ အားလုံးသူတန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုသွားနေတဲ့အခါမှာ NUG အစိုးရက ရခိုင်အပါအဝင် တိုင်းရင်းသားအားလုံးနဲ့ တစိုက်မတ်မတ် လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့လည်း ဆက်တိုက်ကြိုးစား လုပ်ကိုင် နေပါတယ်။ ဒေသအလိုက် လိုအပ်ချက်တွေနဲ့ ဆောင်ရွက် ပေးနိုင်ချက်တွေမှာတူညီမှုမရှိနိုင်ပါ” ဟု ဆိုသည်။
အဆိုပါ ခွဲဝေမှု အနည်းဆုံး ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာ ဦးဝေဟင်အောင်က "သူတို့သုံးစွဲတဲ့ ပမာဏကို ကိုယ်တိုင်ကပြန်သုံးသပ်ဖို့လိုတယ်။ ရခိုင်ပြည်မှာ စစ်အာဏာ မသိမ်းခင်ကတည်းက ဒုက္ခသည်တွေအများကြီးရှိတယ်။ မူဆလင်တွေ ဘက်မှာလည်း ဒုက္ခသည်တွေ အများကြီးရှိသလိုရခိုင်မှာလည်း အိမ်မပြန်နိုင်သေးသူတွေ အများကြီးပဲ။ လူသားချင်း စာနာ ထောက်ထားမှုလို့ သုံးကတည်းက ဒီဘက်ကို အတိုင်းအတာ တစ်ခုအထိထောက်ပံ့ပေးရမယ်။ ပုံမှန်ထက်မေတ္တာကို ပြရမယ်။ သူတို့ဘက်ကမေတ္တာမပေးခဲ့လို့ ရခိုင်တွေဆီက မေတ္တာမရတာကို သူတို့ သိဖို့လိုအပ်တယ်"ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ