သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

NUG က ရခိုင်ပြည်နယ်မှ ညွှန်မှူးအဆင့်ရှိသူ ၂ ဦးကို အမည်ပျက်စာရင်းတွင်ထည့်သွင်းပြီးထုတ်ပယ်ကြောင်းကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

သျှင်မင်းဇံ

နိရဉ္စရာ၊ ဧပြီ ၂၅/ ၂၀၂၂

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရခိုင်ပြည်နယ်မှ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သည့် သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ရှိသူ ၂ ဦးကို အမည်ပျက်စာရင်း ထည့်သွင်းပြီး အလုပ်က ထုတ်ပယ်ကြောင်း ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့က မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြောညာသည်။

 

ရခိုင်ပြည်နယ်တွင် CDM  လှုပ်ရှားမှု ပြုလုပ်သူ ဝန်ထမ်း မရှိသလောက် နည်းပါးပြီး ထိုအထဲမှ ရခိုင်ပြည်နယ် သာသနာရေးမှူးရုံး၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဦးနှင့် ဒုညွှန်ကြားရေးမှူး ဦးခင်လှိုင်တို့နှစ်ဦးကို NUG က အမည်ပျက်စာရင်း သွင်းကာ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် သာသနာရေးမှူးရုံး၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် မသိသေးကြောင်းပြောကာ ဖုန်းချသွားခဲ့သည်။

 

" အဲဒါကိုတော့ ကျနော်တို့အနေနဲ့ မသိသေးဘူးဗျာ။ မသိသေးဘူး" ဟု ပြောသည်။

 

ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ထိုသို့ ရခိုင်က အစိုးရဝန်ထမ်း နှစ်ဦးကို အမည်ပျက်စာရင်းသွင်းကာ ထုတ်ပယ်သော်လည်း အကျိုးသက်ရောက်မှု မရှိနိုင်ဟု သုံးသပ်ပြောဆိုသည်။

 

"အဓိကတော့ NUG အစိုးရက လက်ရှိမှာ campaign ုပ်တဲ့ အစိုးရပေါ့။ ထိရောက်မှုကတော့ ရခိုင်ရဲ့ ရပ်တည်မှု သီးသန့်ဖြစ်တယ်။ ဒါပေမဲ့ CDM လုပ်တဲ့အထဲမှာတော့ စစ်တွေတက္ကသိုလ်မှာ  ပြည်ပ ဆရာ/မ တချို့ရှိခဲ့တာပေါ့။ အခု သာသနာရေးဝန်ကြီးဌာနက နုတ်နဲ့ ထုတ်ပယ်လို့တော့ မထူးပါဘူး။ CDM မလုပ်ရင်တော့ NUG အစိုးရက social punishment လုပ်လို့တော့ရတယ်။ အမှန်တယ် လက်တွေ့မှာ ထုတ်ပယ်ရုံနဲ့ သူက လက်ရှိမှာ တာဝန်ထမ်းဆောင်နေတယ်ဆိုရင် ဘာမှမဖြစ်ပေါ့။ နောက်ပြီး စစ်ကောင်စီအစိုးရဆီက လစာလည်း ရနေတဲ့အခါ မထူးဘူးပေါ့။ ရခိုင်အတွက် CDM လုပ်တာ၊ မလုပ်တာက ကြီးမားတဲ့ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိဘူး" ဟု ပြောသည်။

 

NUG က ထုတ်ပြန်ချက်ထဲတွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပေဒနှင့်အညီ ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများ စသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကိုကျူးလွန်နေသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေးဦးစီးဌာန) မှ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားသည်။

 

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ အမည်ပျက်စာရင်းထည့်သွင်းကာ ထုတ်ပယ် လိုက်သည့်  ဝန်ထမ်းများမှာ ရခိုင်ပြည်နယ်က ညွှန်မှူအဆင့် ရှိသူနှစ်ဦး အပါအဝင် တစ်နိုင်ငံလုံးတွင် ဝန်ထမ်းပေါင်း (၉၂) ဦး အထိရှိကြောင်း NUG ၏ စာရင်းအရ သိရသည်။


(ဓာတ်ပုံ- စစ်တွေတက္ကသိုလ်တွင်  CDM ဝင်နေသည့် ပညာရေးဝန်ထမ်းများကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ