ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

PDF သံသယဖြင့်တရားစွဲခံထားရသည့် ဦးစိန်ချစ်တို့အား မေလ ၂ဝ ရက်တွင် အပြီးသတ်အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.7k

မြထွီးသျှင်
နိရ ဉ္စရာ၊ မေ ၆/၂၀၂၂
PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့အား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရ ဉ္စရာသို့ ပြောသည်။
“အစ်မတို့ကတော့ ဒီစွဲဆိုထားတဲ့ပြစ်မှုကို တရားခံလို့စွဲထားသူတွေအနေနဲ့ ကျူးလွန်ထားခြင်းမရှိကြောင်းကိုတော့ အစ်မတို့ဘက်က အဓိကစစ်ဆေးပြီးတော့ လျှောက်လဲချက်ပေးထားပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ တရားရုံးကအမိန့်ချမှာပါ” ဟုပြောသည်။
ဦးစိန်ချစ်တို့အမှုကို ယနေ့ မေလ ၆ ရက်ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံး၌ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ပြီး လာမည့် မေလ ၂၀ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိရသည်။
PDF နှင့်ဆက်စပ်သည်ဟုဆိုကာ သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ည ၁ဝ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကိုလည်း အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့က လာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်တွင် PDF နှင့် ဆက်စပ်သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၉ ဦးထက်မနည်းရှိနေပြီဟု သိရသည်။
ယင်းအနက် တောင်ကုတ်မြို့မှ CDM ဆရာမ အသက် ၄ဝ အရွယ် ဒေါ်ချယ်ရီသက်ရှည်၊ သံတွဲမြို့မှ အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်း၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုးကျော်၊ အသက် ၅၀ အရွယ် ဒေါ်စန်းချိုသိုက်နှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါတို့သည် PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး ချမှတ်ခံထားရသည်။

ဆက်စပ် သတင်းများ