စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဂွတွင် ကျင်းပခဲ့သည့် ANP ဗဟိုကော်မတီအစည်းအဝေး ယနေ့ပြီးဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k


နိရဉ္ဇရာ၊ မေ ၁၃/ ၂၀၂၂
ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုကော်မတီအစည်းအဝေးကို မေလ ၁၂ ရက်နေ့မှ ၁၃ ရက်အထိ ဂွမြို့ရှိ ANP ပါတီရုံးတွင် ၂ ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ပါတီရေးရာကိစ္စများ၊ လက်ရှိ ANP ၏ မြို့နယ်အသီးသီးတွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် မြို့နယ်ပါတီအသီးသီးတို့၏ ရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ပါတီဗဟိုကော်မတီဝင်လည်းဖြစ်၊ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်သည့် ဦးထွန်းအောင်ကျော်က ပြောသည်။
"ဒီနေ့မှာတော့ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ အထွေထွေကိစ္စတွေအပါအဝင် ရှေ့လုပ်ငန်းစဉ်တွေကို ဆက်ပြီးဆွေးနွေးခဲ့ပါတယ်"ဟု ပြောသည်။
ဗဟိုကော်မတီအစည်းအဝေးဖြစ်သည့်အတွက် ဗဟိုကော်မတီဝင်များ အားလုံးကို ဖိတ်ခေါ်ခဲ့ကြောင်းလည်း သိရသည်။
ယခုအစည်းအဝေးဆုံးဖြတ်ချက် ရလဒ်များနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှအား မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ပြီးခဲ့သည့် မတ် ၆ ရက်နေ့၌ကျင်းပခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် မူဝါဒေရးရာ ဦးဆောင်ကော်မတီများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များက ပါတီနှင့်ကင်းကွာနေကြသည့် ပုဂ္ဂိုလ်အချို့ကို ပါတီ တာဝန်အား ဆက်လက်ထမ်းဆောင်လိုစိတ် ရှိ၊ မရှိ မေးမြန်ကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
ယင်းသို့မေးမြန်းခဲ့သော်လည်း ပါတီနှင့်ကင်းကွာနေသူများက အကြောင်းပြန်ကြားမှုမရှိခဲ့ဟုလည်း သိရသည်။(NN -8)
(Photo by U Tin Nyo)

ဆက်စပ် သတင်းများ