သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

သံတွဲမြို့နယ်မှ နောက်ထပ်လူငယ်တစ်ဦး PDF နှင့် ဆက်စပ် သံသယဖြင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

နိရဉ္စရာ၊ မေ ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ သလူကျွန်းကျေးရွာမှ လူငယ်တစ်ဦးကို ယနေ့ မေလ ၂၅ ရက်နေ့တွင် သံတွဲခရိုင်တရားရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ် ချမှတ် ခံလိုက်ရသည်ဟု သိရသည်။
ထောင်ဒဏ်ချခံလိုက်ရသူမှာ ကိုတင်နိုင်ထွန်း(၂၆နှစ်)ဖြစ်ပြီး ၎င်းကို PDFနှင့် ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ် သည်ဟု မိခင်ဖြစ်သူ ဒေါ်သန်းသန်းနွယ်ကပြောသည်။
"သူကPDFနဲ့အဆက်သွယ်မလုပ်ပါဘူး။ မတရားထောင်ချခံလိုက်ရတာပါ။ အရမ်းဝမ်းနည်းရပါတယ်။ သူကဆိုင်ကယ်ကယ်ရီဆွဲလို့ မိဘတွေကို ရှာကျွေးနေတာပါ။အခု သူထောင်ချခံလိုက်ရလို့ ကျွန်မတို့မှာ အိမ်ခေါင်း မိုးတောင် မမိုးနိုင်တဲ့ အခြေအနေဖြစ်သွားရပါတယ်"ဟုဆိုသည်။
ကိုတင်နိုင်ထွန်းမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မိတ်ဆွေတစ်ဦး၏ အသုဘအိမ်မှအပြန် ဂွမြို့တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောသည်။
အလားတူ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့ကို မေ ၂၀ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် စီချမှတ်ခံလိုက်ရသည်။
တောင်ကုတ်မြို့မှ CDM ဆရာမ အသက် ၄ဝ အရွယ် ဒေါ်ချယ်ရီသက်ရှည်၊ သံတွဲမြို့မှ အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်း၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုးကျော်၊ အသက် ၅၀ အရွယ် ဒေါ်စန်းချိုသိုက်နှင့် မြောက်ဦး မြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါတို့ကိုလည်း PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး ချမှတ်ခံထားရသည်။ (NN- 11)
(ဓာတ်ပုံ မူရင်းဓာတ်ပုံရှင်ကို Credit ပေးပါသည်။)

ဆက်စပ် သတင်းများ