သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီနှင့် AA စစ်မဖြစ်ရေး နှစ်ဘက်တင်းမာမှုများကိုလျှော့ချနိုင်သည့်နည်းလမ်းဖြင့် အပြန်အလှန်ချဉ်းကပ်ကြရန် AFP ပါတီတိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k


နိရဥ္စရာ၊ ဇူလိုင် ၁၁ / ၂ဝ၂၂
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်မဖြစ်ရေး နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့်နည်းလမ်းဖြင့် အပြန်အလှန်ချဉ်းကပ်ကြရန် ရခိုင့်ဦးဆောင်ပါတီ(AFP)က တိုက်တွန်းလိုက်သည်။
ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဇူလိုင်လ ၄ ရက်က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် လေကြောင်းမှတိုက်ခိုက်ခံရသဖြင့် AA တပ်ဖွဲ့ဝင် ရခိုင်သား ၆ ဦး ကျဆုံးခဲ့ရသည့်အတွက် ကြီးစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ယခုကာလသည် လယ်သမားများ၏ မိုးရာသီလယ်ယာလုပ်ငန်းခွင်အစဖြစ်ရာ စစ်ဒဏ်ခံရခိုင်ဒေသ၏ စားနပ်ရိက္ခာလုံခြုံမှုအတွက် စစ်ပွဲ၏ထိခိုက်မှုကို မခံရဘဲ လယ်ယာလုပ်ငန်းများကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင်ရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ရခိုင်စစ်ပွဲ တစ်ကျော့ပြန် မဖြစ်ပွားရေးအတွက် ရခိုင်ပြည်သူများ၏ ဆန္ဒအားထင်ဟပ်လျက် ကျွန်ုပ်တို့ ရခိုင့်ဦးဆောင်ပါတီက လိုလားပါကြောင်း၊ စစ်မဖြစ်စေရေးအတွက် နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့် နည်းလမ်းများဖြင့် အပြန်အလှန် ချဉ်းကပ်ကြရန် လိုအပ်လျက်ရှိနေကြောင်း ဖော်ပြထားသည်။
AFP ပါတီပြောခွင့်ရသူ ဦးကျော်ဇောဦးက " ထိုင်းနယ်စပ်မှာ ဗုံးကြဲလိုက်လို့ ရက္ခိုင့်တပ်တော်က ၆ ယောက်သေဆုံးသွားတာလည်းရှိတယ်။ အပြန်အလှန်ဖမ်းဆီးတာတွေလည်းရှိတယ်။ စသည်အားဖြင့်ပေါ့နော်။ တင်းမာမှုဖြစ်နေတဲ့အကြောင်းအချက်တွေကို အကြောင်းပြုပြီး ကျွန်တော်တို့ နည်းနည်းပါးပါး ဖြစ်စေချင်တဲ့အနေအထားတစ်ရပ်ပေါ့နော။ ဖြစ်သင့်တဲ့အနေအထားတစ်ရပ်ကို ကိုယ်တွေမြင်သလောက် ဝင်ပြောလို့ရမယ့်အနေအထားဖြစ်တယ်ဆိုပြီး ဝင်ပြောရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။
စစ်ကောင်စီနှင့် AA တို့အနေဖြင့် အပြန်အလှန် ဖမ်းဆီးမှုများအား ရပ်တန့်ခြင်း၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ခြင်း၊ အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ စွဲဆိုမှု ရပ်တန့်ကာ ပြန်လွှတ်ပေးခြင်းတို့အား လုပ်ဆောင်ကြလျက် တင်းမာမှုကို လျော့ပါးစေနိုင်ပြီး မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ရှင်းလင်းရေးကဏ္ဍအား အရှိန်ရအောင်လည်း သက်ဆိုင်သူများက ပါဝင်ကြစေလိုကြောင်း AFP ပါတီက တိုက်တွန်းထားသည်။
ယင်းအပြင် အများပြည်သူ ကုန်စည်စီးဆင်းရာလမ်းကြောင်းများအား လုံခြုံရေးဂိတ်များတွင် ပိတ်ဆို့ခြင်း ကြန့်ကြာစေခြင်းများ မဖန်တီးကြရန်နှင့် အကာအကွယ်ရထိုက်သည့် လူအစုအဖွဲ့တစ်ရပ်ရပ်အားလုံးစုပစ်မှတ်ထား ဒဏ်ပြုသည့် collective punishments နည်းနာများကို ရှောင်ကြဉ်ကြရန်မှာ နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တာရှည်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် လတ်တလော ယာယီတည်ငြိမ်မှု ပုံစံတစ်မျိုးမျိုးမှသည် ဂုဏ်သိက္ခာရှိရှိ သာယာဝပြောသည့် လူ့အဖွဲ့အစည်းများအဖြစ်သို့ ပြန်လည် တည်ဆောက်သွားနိုင်ရေး ဟူသည့် ပန်းတိုင်အလို့ငှာ ရန်ဘက်တိုက်ပွဲဝင်အုပ်စုများအကြား “နိုင်ငံရေး သဘောတူညီချက်”များ တည်ဆောက်နိုင်ရေးမှာ ဖြတ်သန်းရမည့် လုပ်ငန်းစဉ်အဆင့်တစ်ရပ်ဖြစ်ကြောင်းကိုလည်း ရခိုင့်ဦးဆောင်ပါတီက အလေးအနက် ဖော်ပြတိုက်တွန်းလိုကြောင်း AFP ပါတီ၏ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်းထားသည်။ (NN-7)

ဆက်စပ် သတင်းများ