ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဟု စစ်ကောင်စီကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ ဇူလိုင် ၂၅/ ၂ဝ၂၂
၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဟု စစ်ကောင်စီက ၄င်းတို့ပိုင်သတင်းစာများတွင် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
“တရားလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံလေးဦးအပေါ် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း”ဟု ဖော်ပြထားသည်။
ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ ၂ ဦးနှင့်အတူ နောက်ထပ် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်ဆိုသူတို့ ၂ ဦးကိုလည်း စစ်ခုံရုံးက သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက နိုင်ငံရေးလုပ်၍ သေဒဏ်ချမှတ်ခံလိုက်ရခြင်းအပေါ် စိတ်မကောင်းဖြစ်ရပြီး ယခုကဲ့သို့ သေဒဏ်စီရင်လိုက်ခြင်းမှာ ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်လိုက်သည့်သဘောဖြစ်နေသည်ဟု သုံးသပ်ပြောဆိုသည်။
“အရင်တော့ အရင်တုန်းက တရားရေးဆုံးဖြတ်ချက်အရ သေဒဏ်ပေးတယ်ဆိုရင်လည်း သေဒဏ်တကယ်တမ်းပေးတဲ့နေ့၊ ပေးတဲ့အချိန်၊ ပေးပစ်ပြီဆိုတာကို တစ်ခါမှ ကြေညာချက်ထုတ်ခဲ့တာမရှိခဲ့ဘူး။ အဲဒါတွေကိုကြည့်ခြင်းအားဖြင့် သူတို့လုပ်တာဟာ ပြည်သူတွေကို သိစေချင်တယ်ပေါ့။ ဒီလိုလုပ်ရင် ဒီလိုခံရမယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်။ အဲလို ဖိအားပေးမှု၊ ပြည်သူတွေကို အကြောက်တရားနဲ့ ဒီဟာတွေကို မလုပ်ဆောင်ရဲအောင် ဒါ ပြည်သူကို တိုက်ရိုက်ခြိမ်းခြောက်တဲ့သဘောပေါ့နော်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်က ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အား သူတို့၏မိသားစုဝင်များနှင့် အင်းစိန်ထောင်တွင် Zoom မှတဆင့် ပေးတွေ့ခဲ့ပြီးနောက် သူတို့ ၂ ဦးသည် အင်းစိန်ထောင်အတွင်း သေဒဏ်စီရင်ခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
ဇူလိုင်လ ၂၃ ရက် စနေနေ့နံနက်တွင် စီရင်ခံလိုက်ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုကိုကိုးကား၍ Myanmar Now သတင်းတွင်ဖော်ပြသည်။
ဦးဂျင်မီမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ညပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ယင်းနောက် သူတို့ ၂ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်တွင် သေဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ယခု ဇူလိုင်လအထိ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့သူပေါင်း ၁၁၇ ဦးအထိ သေဒဏ်ချမှတ်ခံထားရပြီဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သေဒဏ်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း ၂ဝ၂၁ ခုနှစ်အတွင်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း သိရသည်။
ယခုကဲ့သို့သေဒဏ်ပေးခြင်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကပါ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလျက်ရှိသည်ဟုလည်း သိရသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ