သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦး သေဒဏ်ပေးခံခဲ့ရမှုအပေါ် ရခိုင်နိုင်ငံရေးအဖွဲ့အစည်းများက သဘောထားထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

နိရဥ္စရာ၊ ဇူလိုင် ၂၆/၂၀၂၂
စစ်ကောင်စီ၏ ကြိုးပေးကွပ်မျက်မှုခံခဲ့ရသည့် ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော် တို့ (၄) ဦး သေဒဏ် ပေးခံရမှုနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA/ AA)၊ ရခိုင့်ဦးဆောင်ပါတီ(AFP) နှင့် ရခိုင်အမျိုးသားပါတီ(ANP)တို့က သဘောထား ထုတ်ပြန်ချက်များကို အသီးသီးထုတ်ပြန်ခဲ့ကြသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သေဒဏ်ပေးခံရသူများ၏ မိသားစု၊ ဆွေမျိုး၊ မြန်မာပြည်သူ လူထုတစ်ရပ်လုံးနှင့် ထပ်တူဝမ်းနည်းခံပြင်းမိပြီး မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ငြိမ်းချမ်းရေးအတွက် များစွာရင်လေးမိကြောင်း ရေးသားထားသည်။
ယင်းအပြင် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေး လမ်းစကောင်း များကို နစက မှ ရင့်သီးစွာ ခြေဖြင့်နင်းခြေဖျက်ဆီး ပြလိုက်သည်ဟု ရှုမြင်သုံးသပ်ကြောင်း၊ မိုက်မဲစွာ သေဒဏ်စီရင်သည့် သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို ပို၍ဆိုးရွားစွာ နှိုးဆွ စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးအတွက် ပို၍ အကျိုးပြုသော အနာဂတ် သူရဲကောင်းများ ထပ်မံမွေးဖွား လာအုံးမည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
နိုင်ငံတကာ၊ အိမ်နီးနားချင်းနိုင်ငံကြီးများနှင့် အာဆီယံ အသိုင်းအဝိုင်းမှ ကမကထပြု တိုက်တွန်း ကူညီလုပ်ဆောင်ပေးနေသော ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေးအလားလာ လမ်းစကောင်းများကို နစက မှ ရင့်သီးစွာ ခြေဖြင့်နင်းခြေဖျက်ဆီးပြလိုက်သည်ဟု ရှုမြင်သုံးသပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အတူ ဤအဖြစ်အပျက်နှင့်ပတ်သက်၍ မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ ဒေါသကြီးစွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများ အပေါ်ကိုလည်း အထူးစိုးရိမ်မိကာ မလုပ်သင့် မလုပ်အပ်သော “သေဒဏ်ချမှတ်ခြင်း” အလုပ်ကို မလုပ်သင့်သည့်အချိန်၌ မလုပ်မိစေရန် ယဉ်ကျေးသော သံတမန်ရေးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများက မေတ္တာရပ်ခံတားမြစ်နေသည့်ကြားမှ နစက ထုတ်ပြန်လိုက်သော မိုက်မဲစွာ သေဒဏ်စီရင်သည့်သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို ပို၍ဆိုးရွားစွာ နှိုးဆွ စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ကြောင်း ရေးသားထားသည်။
ရခိုင်အမျိုးသားပါတီ(ANP) အနေနှင့်လည်း မိသားစုဝင်များ၊ မြန်မာပြည်သူ ပြည်သားများနှင့် ထပ်တူထပ်မျှခံစားရပြီး အလွန်တုန်လှုပ်ချောက်ချားမိကြောင်း ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ဆောင်ရွက်လိုက်ခြင်းသည် အငြိုးအာဃာတများ ကင်းပြီး အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းသစ်သို့သွားရန် များစွာအနှောင့်အယှက်ဖြစ်စေသည်ဟု ANP အနေနှင့် ရူမြင်ကြောင်း ရေးသားထားသည်။
ယင်းအပြင် မတရားသေဒဏ်ချမှတ်ခံရသည့် ၎င်းတို့(၄)ဦးအား ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် လုံးဝမပြုလုပ် အပ်သည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခြင်းဖြစ်ပြီး ANP မှ ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားပါသည်။
ရခိုင့်ဦးဆောင်ပါတီ(AFP)အနေဖြင့်လည်း ယခုကဲ့သို့ သေဒဏ်ချမှတ်သည်ကို ကြားသိရ၍ မိသားစုများ၏ ပူဆွေးသောကရောက်မှုများနှင့် ထပ်တူ ခံစားရကာ မြန်မာပြည်သူ ပြည်သားများနှင့် အတူ စိတ်မကောင်းဖြစ်ရကြောင်း ရေးသားထားသည်။
ယင်းအပြင် သေဒဏ်စီရင်မှုများကို မလိုလားကြောင်းနှင့် သေဒဏ်စီရင်မှုများ၏ အကျိုးဆက်အနေဖြင့် တိုင်းပြည်အေးချမ်းသာယာနိုင်မည့် ပန်းတိုင်သို့ လျှောက်လှမ်း ကြရာတွင် လမ်းကြောင်းမှ တိမ်းဖယ်သွားစေနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ