ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အပြစ်မဲ့ပြည်သူ ၂၅၆၅ ဦးသတ် ဖြတ်ခဲ့ပြီး လူပေါင်း ၁၆၅၄၀ ကျော်ကို ဖမ်းဆီးထားသည့် စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူပေးရန် CRPH တောင်းဆိုမှု ရခိုင်လူ့အခွင့်အရေးသမားများကြိုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၂/၂၀၂၂


အပြစ်မဲ့ပြည်သူ ၂၅၆၅ ဦးသတ် ဖြတ်ခံခဲ့ရပြီး ရပ်သားပြည်သူ ၁၆၅၄၀ ကျော်ကို မ်းဆီးထားသည်အာဏာသိမ်း စစ်ကောင်စီကို ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာအနေဖြင့် အရေး ယူပေးရန် ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မီတီ (CRPHက သဘောထားကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်သည့် အပေါ် ကြိုဆိုကြောင်း ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုသည်။

 

အမည်မဖော်လိုသူ ရခိုင် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ဒီလို CRPH  က တောင်းဆိုမှုအပေါ် ကြိုဆိုပါတယ်။ ရခိုင်မှာလည်း များမကြာမီက ဖြစ်ခဲ့တဲ့ တိုက်ပွဲ လေးလတာကာလမှာအတွင်းမှာ စစ်တပ်ရဲ့ လက်ချက်နဲ့ အနည်းဆုံး အရပ်သား သုံးဆယ်ကျော်ကို သေဆုံးခဲ့ရပြီး ရာနဲ့ချီပြီး ဖမ်းဆီးနှိပ်စက်ခံခဲ့တယ်။ အိမ်တွေလည်း မီးရှို့ခံခဲ့ရတာတွေရှိတယ်။ လက်ရှိအချိန်ထိလည်း အပြစ်မဲ့ အရပ်သားတွေ ဖမ်းဆီးခံရပြီးပျောက်ဆုံးနေတာတွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့ ဖော်ထုတ် မှတ်တမ်း ယူနေပါတယ်ဟု ပြောဆိုသည်။

 

ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲတွင် စစ်ကောင်စီကြည်းတပ် အပါအဝင် ရေတပ်၊လေတပ်တို့မှ အပြစ်မဲ့ အရပ်သားများနေထိုင်သည့်  ကျေးရွများကို လက်နက်ကြီးများ ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်လုပ်ရပ်များကြောင့်  ပြည်သူ များအပြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး  အိုးအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ၎င်းထိခိုက်သေဆုံး ပျက်စီးခဲ့ရမှုများကို မှတ်တမ်းယူပြီး ကုလသမဂ္ဂသို့ တင်ပြနိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း  ၎င်းကနိရဉ္စရာသတင်းဌာနကို ပြောသည်။

 

ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မီတီ (CRPH)မှ  ဒီဇင်ဘာလ (၁၀) ရက်နေ့က ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့က စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်ပြီး မြန်မာနိုင်ငံပြည်သူများ၏ အသက်များကိုကယ်တင်ပေးရန် နိုင်ငံတကာကို တောင်းဆိုခဲ့သည်။

 

ထုတ်ပြန်ချက်အထဲတွင်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီသည် ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ဥပဒေဘောင် ကျော်လွန်၍ တရား လက်လွတ်သတ်ဖတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ပိုင်ဆိုင်မှများကို  သိမ်းယူခြင်းတို့ကို ပုံမှန်အလေ့ အထများကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အပြစ်မဲ့ပြည်သူ ၂၅၆၅ ဦးသတ် ဖြတ်ခံခဲ့ရပြီး အရပ်သားပြည်သူ ၁၆၅၄၀ ကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။


ထို့အပြင် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများက အကြမ်းဖက်မှုနှင့်သေဒဏ်ပေးမှုကို ဖျက်သိမ်းရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မရပ်တန့်သည့်အပြင် မကြာသေးမီက ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးသေဒဏ်ချ မှတ်ခဲ့သည့်အပြင် အရပ်သားပြည်သူ ၁၄၀ ကိုသေဒဏ်ချမှတ်ခဲ့ပြီး လွတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် တက် ကြွလှုပ်ရှားသူ (၄) ဦးကိုလည်း ကွပ်မျက်ခဲ့သည်ဟု ဖော်ပြထားသည်။


တိုင်းရင်းသားများနေထိုင်သည့် ဒေသများတွင်လည်း စစ်ကောင်စီမှ ရက်စက်စွာ လေကြောင်း အင်အားသုံး၍ တိုက်ခိုက်ခြင်းတို့ကြောင်း ရာနှင့်ချီသောပြည်သူများ သေဆုံးခဲ့ရပြီး ထောင်နှင့်ချီသည့် ပြည်သူများမှာလည်း နေရပ်စွန့်ခွာနေရသည့်အပြင် နေအိမ်၊ ကျေးရွာနှင့် စားသင်ကျောင်းများအား မီးရှို့ဖျက်ဆီးမှုများ ရှိနေသည် ဟုလည်း ရေးသားထားသည်။

ဆက်စပ် သတင်းများ