ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခိုင်စိုးကွယ်လွန်၊ မြောက်ဦးမြို့တွင် စက်တင်ဘာ ၂၄ ရက်နေ့သင်္ဂြိုလ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ၂၃ /၂ဝ၂ဝ

ရခိုင်ဝါရင့်နိုင်ငံရေး ခေါင်းဆောင်ဦးခိုင်စိုးသည် စက်တင်ဘာ ၂၂ ရက် နေ့လယအချိန် တွင် သူ့မွေးရပ်ရွာတွင် ကွယ်လွန် အနိစ္စရောက်သွားကြောင်း သတင်းရရှိသည်။

ဆရာသည်မြောက်ဦးမြို့နယ်၊ မောင်ညိုပြင်ကျွန်း၊ ဥက္ကာကျော်ရွာဇာတိဖြစ်ပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီ ၅ဝ မိနစ်ခန့်တွင် မိမိ၏ဇာတိကျေးရွာ၌  ကွယ်လွန်သွားခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် (၈၁)နှစ်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

ဆရာကြီးခိုင်စိုးသည် စာရေးဆရာ ဝတီဆွေအမည်ဖြင့် ရခိုင်နှင့် ပတ်သက်သည့် ဆောင်းပါး အများအပြားကို ရေးသားခဲ့သည်။

ရခိုင်ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခိုင်စိုးသည် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဂုဏ်ထူးဆောင် နာယက၊ ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ၏ Task Force ဥက္ကဋ္ဌ၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP) ၏ ရဲဘော်ဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။

ဆရာကြီး ဦးခိုင်စိုးကို ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ မောင်ညိုကျွန်း၊ ဥက္ကာကျော်ကျေးရွာတွင် (အဘ) ဦးစံသာလှ၊ (အမိ) ဒေါ်အောင်မဦးတို့မှ ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် မွေးဖွားပြီး မွေးချင်း (၇) ဦးအနက် ဒုတိမြောက် သားဖြစ်ကြောင်း သိရသည်။

ဆရာကြီး ကွယ်လွန်သွားခြင်းမှာ ရခိုင်လူမျိုးများအတွက် ကြီးမားသောဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမားများနှင့် ရခိုင်စာရေးဆရာများက ပြောသည်။

ရခိုင်သားကြီးစာပေမှ ဆရာဦးလှမြင့်က “ ဆရာဟာ ရခိုင်ပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို ရခိုင်စာပေလောကတွင်လည်း ပျံလွန်တော်မူပြီးဖြစ်သော ဆရာတော် ဦးစက္ကိန္ဒတို့နှင့် အတူ ဖြတ်သန်းခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဆရာကွယ်လွန်သွားတာဟာ ရခိုင်အမျိုးသားတွေ အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှာပါ” ဟု ပြောသည်။

စာရေးဆရာ ပန်းအောင် (ခ) ဆရာတော်ဦးဇယန္တဗောဓိက “ ရခိုင်သမိုင်းနဲ့ ပတ်သက်လာရင် အထောက်အထားခိုင်လုံတိကျမှ လက်ခံယုံကြည်တဲ့ ရခိုင်သမိုင်းသုတေသီတစ်ဦးလည်း ဖြစ်ပါတယ်။ တော်လှန်ရေး၊ နိုင်ငံရေးနယ်ပယ်၊ ရခိုင်စာပေနယ်ထဲကနေတစ်ဆင့် ရခိုင်အမျိုးသားရေး လုပ်ငန်းတွေကို ကွယ်လွန်တဲ့ အချိန်ထိ လုပ်ကိုင်ခဲ့သူ ဖြစ်တဲ့အတွက် ဆရာဦးခိုင်စိုး သေဆုံးတာဟာ ရခိုင် လူမျိုးအတွက် ဆုံးရှုံးမှုကြီး တစ်ရပ် ဖြစ်ပါတယ်” ဟု  ပြောသည်။

ဆရာကြီး ဦးခိုင်စိုးသည် ၁၉၈၆ ခုနှစ် မေလတွင် ရခိုင်ပြည်နယ် ကွန်မြူနစ်ပါတီ မင်းပြားမြို့သိမ်း တိုက်ပွဲတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ခဲ့သဖြင့်  ထောက်လှမ်းရေးများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထောင်ဒဏ် ၂၂ နှစ်တိုင်တိုင်ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

ဆရာကြီးဦးခိုင်စိုး၏ ရုပ်အလောင်းအား စက်တင်ဘာ ၂၄ ရက်နေ့တွင် မြောက်ဦးမြို့ သုဿန်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆရာကြီးဦးခိုင်စိုးသည် သူ၏ ဘဝတစ်ခုလုံးကို ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအတွက် အသက်သေဆုံးသည့် အချိန်ထိ ပေးဆပ်ခဲ့သူဖြစ်သဖြင့် ဆရာကြီး ကွယ်လွန်သွားမှုအပေါ် ရခိုင်အမျိုးသားများနှင့် ထပ်တူ ဝမ်းနည်းကြောင်း နိရဥ္စရာသတင်းဌာနမှ မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

(ဆရာကြီး အထုပတ္တိအား လက်လှမ်း မီသလောက် စုစည်းတင်ပြပေးလိုက်ပါသည်။ မပြည့်စုံမှု များစွာရှိနေမည်ဖြစ်ပြီး အချိန်အတိုအတွင်း မှတ်တမ်းတင်ရေးသားရ၍ နားလည်ခွင့်လွတ်ပေးစေလိုပါသည်။)

ဆက်စပ် သတင်းများ