ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်စစ်ပွဲနှင့်ပတ်သက်ပြီး ဒက္ကားမြို့တွင် ရခိုင်လူမျိုး ၆ဝဝ ခန့်ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ အောက်တိုဘာ၁၁/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တွင် ရခိုင်အမျိုးသား ၆ဝဝ ကျော်ခန့်က ရခိုင်စစ်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုနှင့် အရပ်သားပြည်သူတွေ သေဆုံးနေရမှု အပေါ် ယနေ့ ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

ဒီဆန္ဒပြပွဲကို ဒက္ကားမြို့ Shabag National Museum အမျိုးသားပြတိုက်ရှေ့တွင်  နံနက် ၁ဝ နာရီက စတင်ပြီး ၁၁ နာရီ ၄၅ မိနစ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘင်ဒရိုဘင်ခရိုင်မှ ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုမောင်အေးက “ ဆန္ဒပြရတာက ရခိုင်စစ်ပွဲတွေအတွင်း အရပ်သားတွေ သေဆုံးနေတာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ကန့်ကွက်ဆန္ဒပြကြတာပါ။ လူပေါင်း ၅ဝဝ ကျော် ၆ဝဝ နီးပါး ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။  

ဆန္ဒပြသူများသည် ရခိုင်စစ်ပွဲတွင် အရပ်သားပြည်သူတွေ သေဆုံးနေမှုကြောင့် မြန်မာအစိုးရနှင့် တပ်မတော် အလိုမရှိကြောင်း၊ အင်တာနက်ဖြတ်တောက်မှုကို အမြန်ဖွင့်ပေး၊ ရခိုင်စစ်ပွဲရပ်ဖို့ တောင်းဆို၍ ဖမ်းဆီးခံထားရသည့် မြန်မာကျောင်းသားများကို လွှတ်ပေးရန်၊ နိုင်ငံတကာမှ ရခိုင်အရေးကို အလေးထားရန်နှင့် ရခိုင်ပြည်နယ် အစိုးရ အယုံအကြည်မရှိ စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

“ ဘင်္ဂလာဒေ့ရှ် ရုပ်သံတွေကတော့ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာတွေကို တွေ့ရပါတယ်။ အခု ဆန္ဒပြတဲ့ ရခိုင်လူမျိုးတွေက ကော့စ်ဘဇား၊ ဘင်ဒရိုဘင်၊ ခါကာဆိုရီ ခရိုင်တွေနဲ့ အဝကျွန်းက နေ လာကြသူတွေ ဖြစ်ကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဆန္ဒပြပွဲတွင် ဘင်္ဂလာဒေ့ရှ်ရှိ ရဟန်းတော်များ၊ ရခိုင် ကျောင်းသားကျောင်းသူများ၊ အမျိုးသမီးအဖွဲ့များ ပါဝင်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ် Bangladesh Rakhine Community က  ၎င်းဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။  

ဆက်စပ် သတင်းများ